သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ကောင်စီက လက်နက်စမ်းသပ်ပစ်ခတ်မှုပိုလုပ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တစ်ဖက်နှင့်တစ်ဖက် စစ်ရေးအရ ပြန်လည် တင်းမာမှုရှိလာနေချိန်တွင် စစ်ကောင်စီသည် လက်နက်စမ်းသပ်ပစ်ခတ်မှုများကို တိုးလုပ်လာသည်ဟု ဒေသခံများက တစ်ဆင့်သိရှိရသည်။

ယခုလ (ဇူလိုင်)၂၁ ရက် နံနက် ၇နာရီကျော်ခန့်ကလည်း  ကျောက်တော်မြို့ အမှတ် (၉)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

လက်နက်ငယ် ပစ်ခတ်သံ အနီးအနားရှိ ကျေးရွာများကပါ ကြားခဲ့ရသည်ဟု ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာသားတစ်ဦးက ဆိုသည်။

"သောကြာနေ့  မနက်ပိုင်းလောက်မှ လက်နက်ငယ် ပစ်သံတွေကြားရတယ်။ မနက် ၇ နာရီလောက်အချိန်ပေါ့။  သူတို့က လက်နက် စမ်းသပ်ပစ်ခတ်မယ်ဆိုတာသိပေမယ့် လက်နက်သံကြားတော့ ကျေးရွာသားတွေက စိုးရိမ်ကြတာပေါ့''ဟု ဆိုသည်

လက်နက်စမ်းသပ်ပစ်ခတ်ခဲ့သည့် စကခ (၉) အနီး တွင် နဂရာကျေးရွာ၊ ရုတ်သားကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများ ရှိနေကြသည်။

လက်နက်ကြီးစမ်းသပ်ပစ်ခတ်မည်ဖြစ်ကြောင်း အနီးအနားကျေးရွာများသို့ အကြောင်း ကြားထားသော်လည်း လက်နက်ငယ်များသာ ပစ်ခတ်ခဲ့ကြောင်း၊  နှစ်ဖက်အပစ်အခတ် ရပ်စဲ ထားချိန်တွင် ယခုကဲ့သို့ လက်နက် စမ်းသပ်ပစ်ခတ်သည့် အပေါ် စိုးရိမ်မိကြောင်း နောက်ထပ် ကျေးရွာသားတစ်ဦးက ဆိုသည်။

'' လက်နက်စမ်းတာက ပြည်သူတွေနေတဲ့ အနီးအနားမှာ မပြုလုပ်သင့်ဘူး။ လက်နက်ကြီး စမ်းဖို့ရှိတယ်ဆိုရင် ပင်လယ်ပြင် တစ်နေရာဖြစ်ဖြစ်၊ လူသူမရှိတဲ့နေရာမှာပဲဖြစ်ဖြစ် ပြုလုပ်မှာပေါ့။ အခုက ရွာတွေပဲ ရှိတဲ့နေရာမှာ စမ်းတယ်ဆိုတာက ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တယ်။ ရွာတွေမှာ လူတွေရှိနေတော့ စိုးရိမ်မှုကလည်း ရှိနေတယ်'' ဟု ဆိုသည်။

ယင်းကျေးရွာများမှ ကျေးရွာသားအများစုမှာ မြို့ပေါ်ရှိ စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေကြပြီး လယ်ယာ လုပ်ငန်းလုပ်ကိုင်ရန်အတွက် ရွာသားအချို့သာ ကျေးရွာအတွင်း နေထိုင်နေသည်ဟုလည်း သိရသည်။

ယခုနှစ် ဇူလိုင်လ ၁၂ ရက်၊ နံနက် ၇ နာရီခန့်ကလည်း မင်းပြားမြို့နယ်ရှိ စစ်ကောင်စီသင်တန်းကျောင်း တစ်ခုဖြစ်သည့်တိုင်းဗဟို (၉)မှ လက်နက်ကြီးပစ်သံနှင့် လက်နက်ငယ်ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။

လက်နက်ငယ်ပစ်ခတ်သံများနှင့် အတူ လက်နက်ကြီး ပစ်ခတ်သံ (၁၀) ချက်ခန့်အထိ ရှိခဲ့ကြောင်း အမည်မဖော်လိုသည့် မေလွမ်းကျေးရွာသား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နှင့် ၈ ရက်တို့ကလည်း တိုင်းဗဟို (၉)မှ လက်နက်ငယ် ပစ်ခတ်သံများ ၂ ရက်ဆက်တိုက် ထွက်ပေါ်ခဲ့သေးသည်။

မင်းပြား တိုင်းဗဟို (၉)သည် စစ်ကောင်စီတပ်၏ စစ်ရေး လေ့ကျင့်သည့်နေရာ တစ်ခုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ရက္ခိုင့်တပ်တော်(AA)က စီးနင်း ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည့်နေရာလည်း ဖြစ်သည်။

ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက တစ်ဘက်နှင့်တစ်ဘက် နားလည်မှုဖြင့် အပစ်ရပ်ထားချိန်တွင် ယုံကြည်မှု ပျက်ပြားအောင် လုပ်ဆောင်မှုမျိုးကို ရှောင်ရှားသင့်သည်ဟု နိရဉ္စရာသတင်းဌာနသို့ အင်တာဗျူးတစ်ခုတွင် သုံးသပ်ပြောဆိုထားသည်။

“တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပျက်ပြားလာရင်တော့ တိုက်ပွဲကတော့ဖြစ်လာနိုင်တယ်။ မကြာခဏ ထိတွေ့မှုတွေ ဖြစ်လာတယ်။ ပွတ်တိုက်မှုတွေဖြစ်လာတယ်။ ဆွေးနွေးပွဲ လမ်းကြောင်းဆိုရင်လည်း ဆွေးနွေးကြပေါ့။ ဆွေးနွေးပွဲလမ်းကြောင်းမရောက်ဘူးဆိုရင် အဲလိုနဲ့ ယုံကြည်မှုလည်း ပြန်ပြီးပျက်စီး သွားတတ်တယ်ပေါ့”ဟု ပြောသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/ AA ပြန်ကြားရေး တာဝန်ခံ  ဦးခိုင်သုခကလည်း  စစ်ကောင်စီသည် ရက္ခိုင်ပြည်တွင်း ယာယီအပစ်ရေးအတွက် မူလက နှစ်ဖက်သဘောတူထာသည့် အချက်တချို့အပေါ် ချိုးဖောက်လာကြောင်း Arakan Princess Media (APM) သို့ ယခုလ ၂၀ ရက်က ပြောဆိုထားသည်။

ယခုရက်ပိုင်းအတွင်း AA နင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသူများကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်နေသည့် ကိစ္စနှင့် ပတ်သက်၍ ဦးခိုင်သုခက  သုံးသပ်ပြောကြားခြင်းဖြစ်သည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ စတင်ကာ ယနေ့အထိ အပစ်အခတ် ရပ်စဲထားသော် စစ်ကောင်စီသည် စစ်အားဖြည့်တင်းပြီး စစ်ရေးပြင်ဆင်မှုများရှိနေကြောင်း သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်နေသည်။

ယခုလို ငြိမ်းချမ်းရေးယူထားပြီး အပစ်ရပ်စဲထားချိန်တွင် စစ်ရေးအရပြင်ဆင်မှုများအပါအဝင် လက်နက်စမ်းသပ်ပစ်ခတ်မှုမျိုးကို နှစ်ဘက် ယုံကြည်မှုပျက်ပြားနိုင်သဖြင့် စစ်ကောင်စီအနေဖြင့် ရှောင်ရှားသင့်သည်ဟု ဆိုကြသည်။ (NN-18)

ဆက်စပ် သတင်းများ