သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ကျောက်တော် စကခ(၉)ကို AA ဝင်တိုက်ပြီး တိုက်ပွဲပြင်းထန်နေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 5.3k

ရက္ခိုင့်တပ်တော် (AA) က အမှတ်(၉) စစ်ဗျူဟာကွပ်ကဲမှု ဌာနချုပ် (ဒေသအခေါ် တပ်မ ၉ ဌာနချုပ်)ကို  ဝင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတိုက်ခိုက်မှု၊ အနီးအနားရှိ တပ်ရင်းများမှ လက်နက်ကြီး ပစ်ကူမှုများဖြင့် ခုခံနေ၍ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့ရှိ တပ်မ စကခ(၉)ကို ဇန်နဝါရီ ၁၉ရက်နေ့ ညနေ ၇နာရီခန့်ကနေ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ကျောက်တော်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" မနေ့ကညကတည်းက ဝင်တိုက်နေတာ။ဒီနေ့နဲ့ဆို ၂ ရက်ရှိပါပြီ။သူတို့ဖက်က ဂျက်တိုက် လေယာဉ်တွေနဲ့ တိုက်ခိုက်တာ၊ ဗုံးကြဲတာတွေရှိပါတယ်" ဟုပြောသည်။

ယနေ့ဇန်နဝါရီ ၂၀ရက်နေ့တစ်ရက်လုံးလည်း တိုက်ပွဲများပြင်းထန်ခဲ့သလို့ စစ်ကောင်စီ၏ စကခ(၉)နှင့် ခမရ (၃၇၄)မှလည်းလက်နက်ကြီးလက်နက်ငယ်တွေပစ်သည့်အပြင် ဂျက်လေယာဉ်များဖြင့်လည်း ဗုံးကြဲ တိုက်ခိုက်နေသည်ဟု ကျောက်တော်ဒေသခံအမျိုးသမီးတစ်ဦးကနိရဉ္စရာကိုပြောသည်။

" ကိုယ့်ဖက်ကလည်း ဂျက်ကိုလက်နက်နဲ့ ပစ်တယ်။သူတို့ဖက်ကလည်းဗုံးကြဲချတယ်။ ကစ္ဆပနဒီ တံတားနားတွေပါ ဗုံးသုံးလေးလုံးကျတယ်။ ဖုန်းလိုင်းကလည်းမမိတမိ အခုဖုန်းပြောနေတဲ့ ည ၆ နာရီလောက်မှာ အထက်ကလေယာဉ်ဝဲနေတယ်။ ခုထိ ဟိုဖက်ဒီဖက်ပစ်တုန်း" ဟုပြောသည်။

ယင်းအပြင် ယနေ့ ညနေ ‌၅နာရီခန့်တွင် ကျောက်တော်တောင်၏ အနောက်ဖက်တွင် မီးလောင်နေသည်ဟု မြင်တွေ့ရသည်ဟု၎င်းကဆက်ပြောသည်။

" ကျောက်တော် တောင် ရဲ့အနောက်ဖက်ခြမ်းက မီးခိုးထွက်တာ တွေ့ခဲ့ရတယ်။ ဘယ်နားလောင်လည်း မသိဘူး။ ကျောက်တော်တောင်အနောက်ဖက်မှာဆိုရင် တပ်မနဲ့ တံတားအဆင်းဂိတ်နားမှာ  ၃၇၄ တပ်ရင်း ရှိတယ်" ဟုပြောသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့က ကျောက်တော်မြို့နယ်တောင်ဘက် စစ်တွေ- ရန်ကုန် ကားလမ်းပေါ်ရှိ အမြောက်တပ်စခန်း အမတ (၃၇၇) ကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက် ရယူထားနိုင်ခဲ့ပြီး ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ကန်စောက် ၅၃၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်က  တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့သည်

ကျောက်တော်မြို့ရှိ မြို့မရဲစခန်းမှ ရဲနှင့်စစ်သားအများအပြားသည် ဇန်နဝါရီ ၁၆ ရက် နေ့လယ်  ၂ နာရီခန့်ကနေ စခန်းမှ စွန့်ခွာသွားကြပြီး  စကခ (၉) တွင် သွားရောက် ပူးပေါင်းခဲ့ကြသည်ဟု ကျောက်တော်မြို့ခံများကပြောသည်။

ရက္ခိုင့်တပ်တော်သည် ကျောက်တော်မြို့တွင်သာမက မြောက်ဦးမြို့ပေါ်ရှိ ကျန်ရှိနေသေးသည့် ရန်သူ့စခန်းများကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။(NN-11) 

ဆက်စပ် သတင်းများ