ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ကျောက်တော် မြို့မရဲစခန်းတစ်ခုလုံး စခန်းစွန့်ခွာ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

ရခိုင်ပြည်၊ ကျောက်တော်မြို့မ ရဲစခန်းတစ်ခုလုံး စခန်းစွန့်ခွာသွားကြောင်းသတင်းရရှိသည်။

ကျောက်တော်မြို့ရှိ မြို့မရဲစခန်းမှ ရဲနှင့်စစ်သားအများအပြားသည် ယနေ့ဇန်နဝါရီ ၁၆ ရက် နေ့လယ်  ၂နာရီခန့်ကနေ စခန်းမှစွန့်ခွာသွားကြသည်ဟု ကျောက်တော်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ရဲတွေရော စစ်သားတွေရောပါတယ်။ အရေအတွက်ကိုသေချာမသိပါဘူး။ ရဲသားမိန်းမတွေလား စစ်သားမိန်းမ‌တွေလား မသိဘူး အကုန်ပါတယ်။ များတယ်။  အထုတ်တွေခေါင်းပေါ်တင်ပြီး သွား နေကြတယ်။သူတို့မိန်းမ‌ တွေက ခြေလျင်သွားတာ တွေ့နေရတယ်။ အချုပ်ကားတွေနဲ့ကားအမဲ နှစ်စီးလည်း ပါတယ်"  ဟုပြောသည်။

၎င်းတို့သည် ကျောက်တော်တပ်မ စကခ(၉)ထံသို့ပူးပေါင်းသွားကြသည်ဟု ကျောက်တော်ဒေသခံ တစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" ကစ္ဆပနဒီတံတားကိုဖြတ်ပြီးတော့  တပ်မဖက်ကိုသွားပူးပေါင်းကြတာ။အလင်းဝင်တာလည်းမရှိဘူး" ဟုပြောသည်။

ဇန်နဝါရီလ ၁၄ရက်နေ့ကလည်း ကျောက်တော်မြို့နယ်တောင်ဘက် စစ်တွေ- ရန်ကုန် ကားလမ်းပေါ်ရှိ အမြောက်တပ်စခန်း အမတ (၃၇၇)ကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက် ရယူထားနိုင်ခဲ့ပြီး ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ကန်စောက် ၅၃၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်က  တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့သည်။

ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်ပြည်မှ စစ်ကောင်စီ၏တပ်စခန်းကြီး/ငယ်များကို  တစ်ခုပြီး တစ်ခု တိုက်ခိုက် သိမ်းပိုက်လာနေသည့်အတွက် ရခိုင်တွင်ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ တပ်စခန်းနှင့် ဗျူဟာကုန်းတစ်ချို့လည်း စခန်းစွန့်ခွာမှုများလာခဲ့သလို လက်နက်ချ အညံ့ခံမှုလည်း များပြားလာနေကြောင်းသိရသည်။(NN-11) 


ဆက်စပ် သတင်းများ