တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

နယ်စပ်မြို့မောင်တောသို့ ဆန်အပါအဝင် စားသောက်ကုန်များနှင့် အိမ်ဆောက်ပစ္စည်းများတင်ပို့မှု စစ်ကောင်စီ ကန့်သတ်တားမြစ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်သို့ ဆန်အပါအဝင် အခြေခံစားသောက်ကုန် ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများတင်ပို့မှုကို စစ်ကောင်စီက ကန့်သတ်တားမြစ်ထားကြောင်း သိရသည်။

ကန့်သတ်တားမြစ်ထားသည့် ပစ္စည်းများမှာ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ငါးခြောက်၊ ကြက်သွန်၊ ကွမ်းသီး အပြင် အိမ်ဆောက်ပစ္စည်းများဖြစ်သည့် သွပ်၊ သံ၊ သံမှိုနှင့် ဘိလပ်‌မြေစသည်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါပစ္စည်းများသယ်ပို့နေသည့်ကုန်ကားများကို ယခုနောက်ပိုင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏လက်မှတ်နှင့် သက်ဆိုင်ရာဌာနများ၏လက်မှတ်ပါမှ ဖြတ်သန်းခွင့် ပြုပြီး ခွင့်ပြုချက်လက်မှတ်မပါလျှင် ကုန်ကားများကို စစ်ဆေးရေးဂိတ်များက ပြန်လွှတ်နေသည်ဟု ကားသမားများက ပြောသည်။

စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်းမှတဆင့် တင်ပို့ရသည့် အဆိုပါကုန်ပစ္စည်းများကို ရသေ့တောင်မြို့နယ်ရှိ အငူမော် စစ်ဆေးရေးဂိတ်၊ မောင်တောမြို့နယ်ရှိ အင်းဒင်စစ်ဆေးရေးဂိတ်နှင့် သုံးမိုင်စစ်ဆေးရေးဂိတ်တို့တွင် တင်းတင်းကျပ်ကျပ်စစ်ဆေးနေခြင်းဖြစ်သည်ဟု စစ်တွေ-မောင်တော ကုန်ကားမောင်းသူတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

"နယ်လုံလက်မှတ်တောင်းတယ်။ ငါး‌‌ခြောက်ငါးခြမ်းတွေဆိုရင်၊ ငါးပိ၊ ရေထွက်ပစ္စည်းဆိုရင် ငါးလုပ်ငန်းဦးစီးဌာနက လက်မှတ်တောင်းတယ်။ သယ်ယူခွင့်လက်မှတ်ပါ။ အရင်တုန်းက မတောင်းဘူး။ အခုနောက်ပိုင်းမှ တောင်းတာပါ"ဟုပြောသည်။

ယခုကဲ့သို့ ကန့်သတ်တားမြစ်လိုက်မှုကြောင့် ပြည်မဘက်မှ ရခိုင်သို့ ကုန်ပစ္စည်းပို့သည့် ကုန်ကားသမားများလည်း အခက်ခဲရှိနေသည်ဟု ရန်ကုန်-စစ်တွေ ကုန်ကားမောင်းသူတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

"အခုက စစ်တွေထိပဲသွားရတယ်။ စစ်တွေထက်ကျော်ရင် ပေးမသွားဘူးဗျ။ အဓိက စစ်တွေမှာပဲ ချရမယ်။ စစ်တွေမှာ ချရမယ့် ပစ္စည်းမဟုတ်ရင်တော့ မောင်တောမသွားရလို့  ဒုက္ခရောက်ရတာပေါ့။ အဲ့လိုလုပ်လိုက်တော့ ပစ္စည်းတွေက စစ်တွေပဲရောက်တော့ ဟိုဘက်ကိုမရောက်နိုင်တော့ဘူး" ဟု ပြောသည်။

ယခုကဲ့သို့ မောင်တောမြို့နယ်သို့ အခြေခံစားသောက်ကုန်ပစ္စည်းများတင်ပို့မှုကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်လိုက်သည့်အတွက် ဒေသခံများတွင် စားနပ်ရိက္ခာများပြတ်လပ်ကာ ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာမည်ကို စိုးရိမ်နေကြသည်ဟုလည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်တွင်းသို့ ပြည်မဖက်မှ သယ်ယူလာသည့်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ရုံသက်သက် မဟုတ်တော့ဘဲ ရခိုင်ပြည်အတွင်းတွင်လည်း တင်းကျပ်ကာ ကန့်သတ်ထိန်းချုပ်လာနေခြင်း ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်တွင်း ကုန်စည်များ သယ်ယူမှုကို ဖြတ်တောက်ခြင်းများနှင့် ပြည်သူများသွားလာမှုများကို စစ်ဆေးမှုတင်းကျပ်ခြင်းများနှင့် ပတ်သက်ပြီး ဘောင်ကျော် လုပ်ဆောင်လာပါက တိုက်ပွဲများပြန်ဖြစ်လာနိုင်ခြေရှိသည်ဟု ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက နိရဥ္စရာကို ပြောသည်။

"အဓိက ရခိုင်ပြည်သူတွေကို အရင်ကလည်း ဒီလိုမျိုးလုပ်ခဲ့ဖူးတယ်။ စစ်ဆေးတာတွေ၊ တင်းကျပ်တာတွေ၊ ကုန်စည်ဖြတ်တောက်တာတွေ၊ သယ်ယူပို့ဆောင်တာတွေ ပိတ်ထားတာမျိုး ရှိဖူးတယ်။ အဲ့လိုလုပ်တာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာမယ်။ ဘောင်ကျော်ပြီး သည်းမခံနိုင်ရင် ဖြစ်လာနိုင်တယ်" ဟုပြောသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန် တိုက်ပွဲ ကာလကလည်း ရခိုင်ပြည်တွင်း ကုန်စည်စီးဆင်းမှုများကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်ခဲ့သည့် အတွက် ဒေသခံများ အလွန်တရာအခက်အခဲဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ယင်းနှစ်၊ နိုဝင်ဘာလအတွင်းတွင် နှစ်ဘက်အပြန်အလှန်နားလည်မှုဖြင့် တိုက်ပွဲများ ရပ်စဲခဲ့ကြပြီးနောက် နှစ်ဘက်အပေးအယူများဖြင့် စစ်ကောင်စီ၏ကုန်စည်စီးဆင်းမှုကန့်သတ်မှုများကို ဖြေလျှော့ပေးခဲ့သည်။

ယင်းသို့ ဖြေလျှော့ပေးခဲ့ရာမှ ယခုတွင် စစ်ကောင်စီက ကုန်စည်စီးဆင်းမှုများကို ထပ်မံပြီး အမျိုးမျိုး အကြောင်းပြကာ ကန့်သတ်ထိန်းချုပ်လာနေခြင်းဖြစ်သည်ဟု သိရသည်။ (NN-11)

ဓာတ်ပုံ - မောင်တောသို့ သွားလာနေကြသည့် ကုန်ကားအချို့ကို ၂ဝ၂၃ ခုနှစ်၊ သြဂုတ်လအတွင်းက တွေ့ရစဉ်။

ဆက်စပ် သတင်းများ