တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

တောင်ကုတ်တွင် နေအိမ်ဆိုင်ခန်းများ စတင်ဖြိုဖျက်ပေးနေရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 903

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ပန်းတောင်း-တောင်ကုတ်လမ်းမကြီးတစ်လျှောက်ရှိ နေအိမ်အဆောက်အဦများကို လမ်းဧရိယာ တစ်ဘက် ၇၅ ပေစီဖြင့် ပေ ၁၅၀ နှင့်လွတ်အောင် ဖယ်ရှားခိုင်းသည့်အတွက် ယခုစက်တင်ဘာလ နောက်ဆုံးပတ်တွင် နေအိမ်ဆိုင်ခန်း တချို့ကို စတင်ဖြိုဖျက်ပေးနေရပြီဟု သတင်းရရှိသည်။

အဆိုပါနေအိမ်အဆောက်အဦများကို စက်တင်ဘာလ ၃၀ ရက်နောက်ဆုံးထား၍ ဖယ်ရှားပေးရမည်ဟု တောင်ကုတ်မြို့လမ်းအထူးအဖွဲ့(၁၈) ဦးစီးအရာရှိ (မြို့ပြ)နီနီလှိုင်လက်မှတ်ရေးထိုးထားသည့် ညွှန်ကြားစာများထုတ်ပြီး အမိန့်ထုတ်ထားခြင်းဖြစ်သည်

သတ်မှတ်ကာလကျော်လွန်၍ စစ်ကောင်စီက စက်ယန္တရားများဖြင့် အင်အားသုံး လာရောက်ဖြိုဖျက်ပါက နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးရမည်ကိုစိုးရိမ်၍ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကိုယ်တိုင်ဖြိုဖျက်နေရခြင်းဖြစ်ကြောင်း နေအိမ်နှင့်ဆိုင်ခန်းပိုင်ရှင်များက နိရဉ္စရာသို့ပြောသည်။


သိမ်တောင်ရပ်ကွက်မှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက "သူတို့လာပြီး စက်တွေနဲ့ဖျက်ရင် သစ်တောင် အကောင်းတစ်ချောင်းရလိုက်မှာမဟုတ်လို့ ကိုယ်တိုင်ဖြိုလိုက်ရတာပါ" ဟု ပြောသည်။

ယခုဖြိုဖျက်ပေးထားသည့်အထဲတွင် သစ်သားဖြင့်ဆောက်လုပ်ထားသည့် နေအိမ်တချို့နှင့် ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆန်ရောင်းဝယ်ရေးဆိုင်များနှင့် ပျံကျဆိုင်ခန်းငယ်များလည်းပါဝင်သည်။

အုတ်၊ ကွန်ကရစ်နှင့် အခိုင်အမာဆောက်လုပ်ထားသည့် နေအိမ်အဆောက်အဦများမှာ ဖြိုဖျက်ပေးခြင်းမရှိသေးဟု သိရသည်။

ယခုကဲ့သို့မိုးတွင်းကာလ နေအိမ်အဆောက်အဦများကို ဖယ်ရှားခိုင်းခြင်းကြောင့် နေအိမ်ပြန်ဆောက်လုပ်စရိတ်အပါအဝင် နေအိမ်မြေနေရာများလည်း အခက်အခဲရှိနေကြောင်း ကံပိုင်ရပ်ကွက်မှ ဆန်ရောင်းဝယ်ရေးဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။

"အိမ်ရှေ့ဘက်ကိုတော့ မနေ့ကဖြိုလိုက်တာပါ။ မိုးတွင်းမှာဖယ်ခိုင်းတာဆိုတော့ ပြန်ဆောက်ဖို့ စရိတ်တွေတောင် မလွယ်ပါဘူး"ဟု ပြောသည်။

ပန်းတောင်း-တောင်ကုတ်လမ်းမကြီးတစ်လျှောက် ကြိုးကြာကွင်းကျေးရွာမှ တောင်ကုတ်မြို့ သင်္ဘောဆိပ်အထိ လမ်းဗဟိုမှ တစ်ဖက်ကို ၇၅ ပေ၊ နှစ်ဖက်ပေါင်း ပေ ၁၅၀ ထိလွတ်အောင် စစ်ကောင်စီကဖယ်ရှားခိုင်းထားခြင်းဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နောက်ဆုံးထား မဖယ်ရှားပေးပါက လမ်းမကြီးဥပဒေဖြင့်အရေးယူမည်ဟု အမိန့်ထုတ်ထားခြင်းဖြစ်သည်။

တောင်ကုတ်မြို့မှာ ရေဆင်းမြောင်းစနစ်မကောင်းမွန်ကြောင့် ယခုနှစ်မိုးတွင်းရေပို နစ်မြုပ်ခဲ့သည်ဟုဆိုကာ စက်တင်ဘာလ ၁၀ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ သက်ဆိုင်ရာဌာနအုပ်ချုပ်ရေးအဖွဲများနှင့် ရပ်ကွက်နေပြည်သူများကို တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်က ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် မိမိသဘောအတိုင်း လမ်းမြေတွင် ဖြစ်သလို ဥပဒေမဲ့ ဆောက်နေသည့် အဆာက်အဦများကိုဖျက်ကာ ရေမြောင်းတူးရန် ဦးကျောက်တောင်က ဆွေးနွေးပြောဆိုပြီးနောက်ပိုင်း ယခုကဲ့သို့နေအိမ်များကိုဖယ်ရှားရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဆက်စပ် သတင်းများ