တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအားသတ်ဖြတ် လုယူသွားသောဆိုင်ကယ်အား စစ်သားတစ်ဦးက လာရောက်ရောင်းချစဉ် လက်ပူးလက်ကြပ်ဖမ်းမိ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2k

“လူသတ်လုယူသွားသည့်ဖုန်းကို ရောင်းချစဉ် စစ်သားတစ်ဦးအားပထမဖမ်းမိပြီး ဒုတိယ ဆိုင်ကယ်လာရောက်ရောင်းချသူ စစ်သားတစ်ဦးအား ထပ်မံဖမ်းမိခြင်းဖြစ်၊ လူသတ်ကျူးလွန်သူ စစ်သားများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် ဒေသခံ ပြည်သူများလိုလား ”

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးစံသိန်းအောင်အား သတ်ဖြတ်ပြီး လုယက် ယူဆောင်သွားသည့် မော်တော်ဆိုင်ကယ်ကို  စစ်သားတစ်ဦးက စက်တင်ဘာ ၂၆ ရက်နေ့က မြို့ထဲသို့ လာရောက် ရောင်းချစဉ် လက်ပူးလက်ကြပ် ဖမ်းမိခဲ့သည်။

ခမရ ၃၄၆ မှ စစ်ကောင်စီတပ်သား ကောင်းမြတ်အောင်သည်  အသတ်ခံရသည့် ဦးစံသိန်းအောင်၏ ဆိုင်ကယ်အား  စက်တင်ဘာလ ၂၆ ရက်က လာရောက်ရောင်းချရာမှ  မိသားစုဝင်များနှင့် မြို့ခံများ၏စုံစမ်းမှုဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းအား ညတွင်းချင်းပင် ရဲလက်ထဲက လက်ထိပ်ကို ဖြုတ်ပြီး စစ်တပ်ထဲသို့ ပြန်ခေါ်ယူသွားကြောင်း ဦးစံသိန်းအောင်၏ မိသားစုဝင်များနှင့် ဒေသခံမျက်မြင်များက ပြောသည်။

"ကောင်းမြတ်အောင်ဆိုတဲ့စစ်သားကို ဖမ်းမိတာပါ။ အသတ်ခံရတဲ့ ဦးစံသိန်းအောင်ဆိုင်ကယ်ကို လာရောင်းတာကနေ မိသားစုဝင်တွေကစုံစမ်းပြီးတော့ ရဲကိုအသိပေးဖမ်းဆီးခဲ့တာပါ။ ဒါပေမယ့် ဖမ်းမိချင်းမှာပဲ စစ်တပ်ကဗိုလ်တစ်ယောက်က ရဲစခန်းလာပြီး ခေါ်ယူသွားပါတယ်။ အခုလိုလူသတ်မှုမှာ ကျူးလွန်တဲ့သူတွေကို မိသားစုနဲ့မြို့ခံတွေက အပင်ပမ်းခံဖော်ထုတ်စုံစမ်းပေးပြီးဖမ်းမိတာတောင် ဒီတရားခံက ပြန်လွတ်နေတယ်ဆိုတာတော့ စိတ်မကောင်းဖြစ်ရပါတယ်" ဟု ပြောသည်။

စက်တင်ဘာ ၂၆ ရက်  ညနေ ၄ နာရီခန့်က တပ်သားကောင်းမြတ်အောင်ဆိုသူသည် အပေါင်ဆိုင်တစ်ခုတွင် ဦးစံသိန်းအောင်၏ Dream 125 ဆိုင်ကယ်ကို ကျပ် ၁၁ သိန်းဖြင့် လာရောက်ရောင်းချခဲ့သော်လည်း အပေါင်ဆိုင်မှမသင်္ကာ၍ မဝယ်ခဲ့ဟု သိရသည်။



ယင်းနောက် အပေါင်ဆိုင်မှလမ်းညွှန်လိုက်သည့်အတိုင်း ကောင်းမြတ်အောင်သည် တောင်ကုတ်မြို့၊ အဝေးပြေးကားဝင်းထဲမှ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးထံ ဆိုင်ကယ်ကိုရောင်းချခဲ့ရာမှ တဆင့် ကွင်းဆက်စုံစမ်းရာ ၄င်းကို ညနေ ၆ နာရီခန့်တွင် တောင်ကုတ်မြို့၊ စိုက်ပျိုးရေးရုံးအနီး မြို့ခံများက ဝိုင်းဝန်းဖမ်းဆီးမိခဲ့ပြီး ရဲလက်သို့ အပ်နှံခဲ့သည်ဟု သိရသည်။

ချက်ချင်း စစ်တပ်မှအရာရှိအဆင့်ရှိသူတစ်ဦးက ရဲစခန်းသို့ရောက်လာကာ စခန်းမှူးကိုလည်း ခြိမ်းခြောက်ဆဲဆိုပြီး ၎င်းတပ်သားကောင်းမြတ်အောင်ကို တပ်တွင်းသို့ပြန်ခေါ်ယူသွားကြောင်း ရဲစခန်းတွင်ရှိနေခဲ့သည့် ဦးစံသိန်းအောင်၏မိသားစုဝင်တစ်ဦးက ပြောသည်။

"အဲဒီကောင်းမြတ်အောင်ဆိုတဲ့သူကို စခန်းခေါ်လာတာနဲ့ စစ်တပ်ကချက်ချင်းလိုက်လာပြီး စခန်းမှူးတွေနဲ့ အချေအတင်စကားများတယ်။ လက်ထိပ်ဖြုတ်ပြီးတော့ တခါတည်း ပြန်ခေါ်ယူသွားပါတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်ညဉ့်အချိန်က တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်၊ တာဝတိံသာလမ်းမှ ဥစားကြက်ခြံပိုင်ရှင် ဦးစံသိန်းအောင်သည် တောင်ကုတ်တက္ကသိုလ်အနီးရှိ ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်နှင့်မလှမ်းမကမ်းတွင် ရက်စက်စွာသတ်ဖြတ်ခံခဲ့ရပြီး ဆိုင်ကယ်နှင့်ဖုန်းတို့ လုယူခံခဲ့ရသည်။

အဆိုပါလူသတ်မှုဖြစ်ပွားပြီး ၃ ရက်အကြာ  ဩဂုတ်လ ၂ ရက်တွင်  တောင်ကုတ်မြို့ ခမရ ၃၄၆ မှ တပ်သားဝင်းထွန်းလွင်ဆိုသူသည် ဦးစံသိန်းအောင်၏ ဖုန်းကို ဖုန်းဆိုင်တွင် Lock လာဖြည်စဉ် ရဲကဖမ်းဆီးမိခဲ့သည်။ ဖမ်းမိပြီးနောက်  စစ်ကောင်စီတပ်က  ၎င်းကို တပ်တွင်းသို့ ပြန်ခေါ်ယူသွားခဲ့သည်။

အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ ကနဦးဖမ်းဆီးမိခဲ့သည့် ဝင်းထွန်းလွင်ဆိုသူကိုလည်း တပ်ကပြန်ခေါ်ယူခဲ့ပြီး တပ်တွင်းတွင် မည်သို့စစ်ဆေးအရေးယူနေသည်ကို ရဲနှင့်မိသားစုသို့ အသိပေးခြင်းမရှိကြောင်း သိရသည်။

ယခုဒုတိယမြောက်ဖမ်းဆီးမိသည့် စစ်ကောင်စီတပ်သားကောင်မြတ်အောင်ကိုလည်း ရဲလက်မှ တပ်ကပြန်ခေါ်သွားသည့်အတွက် အမှုပျောက်ကွယ်သွားမည်ကို မိသားစုဝင်များနှင့်မြို့ခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။

တောင်ကုတ်မြို့ခံ လူမှုတက်ကြွလှုပ်ရှားသူလူငယ်တစ်ဦး "စစ်ကောင်စီတပ်သားက လူသတ်တယ်ဆိုရင် အပြစ်ကင်းလွတ်ခွင့်ရနိုင်တာမျိုးလား။ ဘာမှအပြစ်ရန်ငြိုးမရှိဘဲ သူ့ဟာသူ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့ပြည်သူတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်တာလေ။ ဒီအမှုနဲ့ပတ်သက်ပြီး ကျူးလွန်တာမှန်ရင် ဘယ်သူဖြစ်ဖြစ် ပြစ်ဒဏ် စီရင်ကျခံဖို့လိုအပ်ပါတယ်" ဟု ပြောသည်။

လုယက်သတ်ဖြတ်ခံခဲ့ရသူဦးစံသိန်းအောင်တွင် တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာအလွန် တောင်ကုတ်-မအီကားလမ်းဘေး၌ ကြက်ခြံတစ်ခြံရှိပြီး ဥစားကြက်ခြံလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့ဖြင့် ရိုးရိုးသားလုပ်ကိုင်စားသောက်နေသူဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ - ဆိုင်ကယ်နှင့် အတူ ဖမ်းမိသော တပ်သားကောင်းမြတ်အောင်

 

ဆက်စပ် သတင်းများ