ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တွေနှင့် မန္တလေးတိုင်းမှ ကိုယ်ခံပညာရှင်ဆရာကြီးများ ပညာဖလှယ်ပူးပေါင်းသရုပ်ပြပွဲ ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်တွေနှင့် မန္တလေးတိုင်းမှ ကိုယ်ခံပညာရှင် ဆရာကြီးများ၏ ပညာဖလှယ်သည့် ပူပေါင်း သရုပ်ပြပွဲ တစ်ခုကို အောက်တိုဘာ ၂၇ ရက် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲကို စစ်တွေရှိ Rakhine Kendo အဖွဲ့က ဦးဆောင်ကာ စစ်တွေမြို့၊ မင်းဘာကြီးလမ်းရှိ New World ခန်းမတွင် ၎င်းနေ့ မနက် ၉ နာရီက စတင်ကျင်းပခဲ့ရာ သိုင်းပညာ စိတ်ဝင်စားသူများက တက်ရောက်အားပေခဲ့ကြသည်။

Rakhine Kendo တည်ထောင်သူ Kendo ကိုအောင်အောင်က "အားကစားပညာတွေ ပိုပြီး နိုးထလာအောင်၊ လူငယ်တွေရဲ့စိတ်ဓာတ်တွေတက်ကြွလာအောင် တခြားအလေအလွင့်တွေ မရှိရအောင်ပေါ့နော်။ သက်ကြီးဆရာတွေဆိုလည်း အခုချိန်ထိအသက် ၆၀ အထက် ၈၀ ကျော်တာတောင် ကစားနေတာကို လူငယ်တွေမြင်ရင် အားကစားမှာ စိတ်အားထက်သန်ပြီးတော့ ‌နိုးထလာအောင်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် အခုလိုကျင်းပရတာပါ" ဟုပြောသည်။

ရခိုင်ပြည်တွင် ယခုလိုပွဲကျင်းပခြင်းအားဖြင့် လူငယ်များသည် အားကစားပညာကို စိတ်အားထက်သန်လာနိုင်မည်ဟု မျှော်လင့်သလို အခြေအနေတစ်ခုရောက်လျှင် အားကစားသမားကောင်းနှင့် နည်းပြဆရာကောင်းများစွာ ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်သည်ဟုလည်း မန္တလေးတိုင်း မြန်မာ့သိုင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက နိရဉ္စရာကိုပြောသည်။




"ရခိုင်ပြည်မှာ အားကစားသမားကောင်းတွေများစွာပေါ်ထွန်းခဲ့တဲ့ အစဥ်အလာရှိခဲ့တဲ့ နယ်မြေတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ရခြင်းအားဖြင့် ပထမတစ်ချက်တော့ လူငယ်၊ လူရွယ်တွေဟာ အားကစားကို လိုက်စားချင်လာမယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီးတော့ ဒီမှာရှိနေတဲ့ မြို့ခံပရိသတ်တွေ၊ လုပ်ငန်းရှင်ကလည်းပဲ၊ အားကစားအဖွဲ့အစည်းအသီးသီးပေါ့။ မြန်မာသိုင်း ကရာတေးတင်မဟုတ်ဘူး။ ကျန်တဲ့အားကစား ဘောလုံး၊ ဘော်လီဘောအတွက် အစစအားဖြင့် ဝိုင်းဝန်းပံ့ပိုးပေးကြမယ်ဆိုရင် အားကစားဟာ တိုးတက်ဖို့ အလားအလာရှိတယ်လို့ မျှော်လင့်ပါတယ်" ဟုပြောသည်။

တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးဖြစ်သည့် ကိုယ်ခံပညာရပ်ကို ဖလှယ်ခြင်းအားဖြင့် ပညာရှင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေသလို တစ်ဘက်မှာလည်း တိုင်းနှင့်ပြည်နယ်ကိုယ်ခံပညာ ပြိုင်ပွဲများတွင်လည်း ရခိုင်မှအားကစားသမားများသည် အောင်မြင်မှုများကို တစ်ဘက်တစ်လှမ်းက များစွာအကျိုးပြုနိုင်မည်ဟုယုံကြည်ကြောင်း ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဌေးက ပြောသည်။

"ကျွန်မ အား/ကာဌာနမှာ စတင်တာဝန်ထမ်း‌ဆောင်ကတည်းက ဒီလိုပွဲမျိုးတစ်ခါမှ မကြုံဖူးခဲ့ဘူး။ ပညာဖလှယ်တာပေါ့။ တစ်ဘက်မှာလည်း မန္တလေးကပညာရှင်အဖွဲ့တွေလာတယ်။ လာတုန်းလာခိုက် ရခိုင်က ကိုယ်ခံပညာရှင်အဖွဲ့တွေကလည်း ချစ်ချစ်ခင်ခင်နဲ့ စုံစုံလင်လင်ပေါ့။ တစ်ဘက်မှာလည်း လုပ်ငန်းရှင်တွေကလည်း နောက်ခံက ထောက်ပံ့ပေးထားတဲ့အပေါ်မှာ အများကြီး ဝမ်းမြောက်မိပါတယ်" ဟုပြောသည်။

ယင်းပွဲကို စစ်တွေမြို့မှကိုယ်ခံပညာရှင်များ၊ မန္တလေးမှကိုယ်ခံပညာရှင်များ၊ စစ်တွေမြို့မိမြို့ဖ၊ ဌာနဆိုင်ရာအရာရှိများ၊ တခြားအဖွဲ့အစည်းများ၊ သာရေးနာရေးအသင်း၊ အားကစားအဖွဲ့များနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်းလူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ (NN-13)

ဆက်စပ် သတင်းများ