ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ကောင်စီတပ် နေ့တွင်သာမက ညဉ့်အချိန်တွင်လည်း ရိက္ခာလက်နက်ဖြည့်တင်းမှုများ လုပ်ဆောင်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ရက္ခိုင့်တပ်တော်(AA)က ညီနောင်မဟာမိတ်များနှင့် ပူးပေါင်းတိုက်ခိုက်နေချိန်တွင် စစ်ကောင်စီက ရခိုင်ပြည်တွင်းရှိတပ်စခန်းများသို့ ရိက္ခာ၊ လက်နက်များကို နေ့အချိန် စစ်ကားများဖြင့် ရွှေ့ပြောင်းဖြည့်တင်းမှုများရှိသလို ညဥ့်အချိန်တွင်လည်း  နေဗီဇက်ရေယာဉ်များဖြင့် လာရောက်ဖြည့်တင်းမှုများရှိနေကြောင်း ဒေသခံများက နိရဉ္စရာသို့ပြောသည်။

အောက်တိုဘာလ ၃၀ ရက်၊ ည ၇ နာရီက ကျောက်ဖြူမြို့၊ အစိုးရ ရပ်ကွက်ရှိ အမှတ်(၁) တရုတ်ဆိပ်ခံတံတားတွင် စစ်ကောင်စီနေဗီဇက်ရေယာဥ် တစ်စီး ဆိုက်ကပ်ခဲ့ပြီး မြို့နယ်တွင်းရှိ တပ်ရင်းများသို့ ရိက္ခာများရွှေ့ပြောင်း ဖြည့်တင်းမှုရှိခဲ့ကြောင်း ကျောက်ဖြူမြို့ခံလူငယ်အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါနေဗီဇက်ရေယာဥ်တွင် စားနပ်ရိက္ခာအမြောက်အများနှင့် စစ်သည် တချို့လည်းပါလာပြီး ကျောက်ဖြူမှ ခလရ ၃၄၊ ခမရ ၅၄၂ ၊ ခမရ ၅၄၃ တပ်ရင်းများသို့ စစ်ကား ၆ စီးခန့်ဖြင့် သယ်ဆောင်ဖြည့်တင်းခဲ့ကြောင်း သူက ပြောသည်။

"သူတို့(စစ်ကောင်စီ)က တပ်ရင်းတွေ၊ စခန်းတွေကို ရိက္ခာအမြောက်အများ သိုလှောင်နေတဲ့ပုံတွေ့ရတယ်။ ဒီလိုရိက္ခာဖြည့်တာတွေ၊ စစ်သည် အင်အားဖြည့်တင်းတာတွေကို မကြာခဏဆိုသလို လုပ်နေတယ်"ဟု ပြောသည်။

ကျောက်ဖြူမြို့တွင် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများကို ခပ်စိပ်စိပ်တွေ့လာရကြောင်း မြို့ခံများက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျောက်ဖြူမြို့၊ အမှတ် ၅၄၂ တပ်ရင်းဗျူဟာကုန်းထဲမှာ မနက် ၇ နာရီမှ ညနေ ၅ နာရီထိ လက်နက် ပစ်ခတ်ပေါက်ကွဲသံများ ဆက်တိုက်ကြားခဲ့ရကြောင်းလည်း ကျောက်ဖြူမြို့ခံ လူငယ်တစ်ဦးကပြောသည်။

"အောက်တိုဘာနောက်ဆုံးပတ်ကလည်း သူတို့ ၅၄၂ တပ်ရင်းဗျူဟာထဲက လက်နက်ကြီးငယ် ပစ်ခတ်တာတွေ တရက်လုံးကြားခဲ့ရတယ်။ သူတို့(စစ်ကောင်စီ) က စစ်ရေးအမြင့်ဆုံးပြင်ဆင်နေတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်" ဟု ပြောသည်။

ရခိုင်ပြည်တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်ရှိ အချိန်တွင် အသင့်အနေအထားနှင့် တပ်လှန့်ထားမှုများရှိပြီး အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေကြောင်း တပ်တွင်းမှ လာသောသတင်းများအရ သိရသည်။

ရသေ့တောင်ဒေသခံ စစ်ရေးလေ့လာစောင့်ကြည့်သူလူငယ်တစ်ဦးက "စစ်ကောင်စီ အင်အားဖြည့်တင်းနေတာ အခုမှမဟုတ်ပါဘူး။ အပစ်ရပ်ထားကတည်းက သူ့တပ်ရင်းတွေကို စစ်သည်အင်အား၊ ရိက္ခာ၊ လက်နက်တွေ နေ့တိုင်းလိုလိုဖြည့်လာခဲ့တာ။ ရသေ့တောင်ဘက်မှာဆိုရင် ကျွန်တော်တို့သိထားရတာက အခုနောက်ပိုင်း တပ်အင်အားကိုပိုပြီး ဖြည့်တင်းနေတာတွေပေါ့" ဟု ပြောသည်။

ရှမ်းမြောက်တွင် ရက္ခိုင့်တပ်တော်(AA) ပါဝင်သည့်ညီနောင်မဟာမိတ်များ၏ စစ်ဆင်ရေး အရှိန်ကြောင့် စစ်ကောင်စီက ရခိုင်ပြည်တွင်းကိုအငြိုးတကြီးနှင့် စစ်မျက်နှာဖွင့်လာနိုင်သည့် အတွက် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်လှုပ်ရှားမှုများကို အထူးသတိဝီရိယားထား၍ မပြတ်စောင့်ကြည့်ဖို့လိုအပ်ကြောင်း ရခိုင်စစ်ရေး လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။ (NN-23)

ဓာတ်ပုံ - အောက်တိုဘာ ၃၀ ရက်ညဥ့်အချိန် ကျောက်ဖြူကဆိပ်ခံ တံတားတခုတွင် နေဗီစစ်ရေယာဉ် တစ်စီးဆိုက်ကပ်ပြီးပါလာသည့် ရိက္ခာများကို စစ်ကားများနှင့်သယ်ယူနေစဥ်

ဆက်စပ် သတင်းများ