ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရှမ်းမြောက်တိုက်ပွဲ ရခိုင်သို့စတင် ကူးစက်လာဟု ညီနောင်မဟာမိတ်၃ ဖွဲ့ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင်ခဲ့သည့် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇စစ်ဆင်ရေး သည် ရခိုင်သို့ စတင် ကူးစက်လာသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ (MNDAA+TNLA+AA)မှ ယမန်နေ့နိုဝင်ဘာ ၈ရက်နေ့ကထုတ်ပြန်သည်။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်း ရခိုင်ဘက်တွင်းလည်း စစ်ကောင်စီမှ စစ်ရေးပြင်ဆင်မှုများရှိလာနိုင်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA (ကိုးကန့်) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကျော်နိုင် (ခ) လီကျားဝင်းက ပြောသည်။

" ဒီ အော်ပရေရှင်း ၁၀၂၇ စတင်လိုက်ပြီးဆိုကတည်းက ရခိုင်ဘက်မှာ စစ်ကောင်စီက စစ်ရေးပြင်တော့မယ်လို့ သုံးသပ်ထားတယ်။ လက်တွေ့မှာလည်း ဒီလို အခြေနေမျိုး မြင်ပါတယ်" ဟု ပြောသည်။

စစ်ကောင်စီသည် မိုခါမုန်တိုင်းအလွန်ကပင် ရခိုင်ပြည်နယ်အတွင်း စစ်အင်အား၊ လက်နက်အင်အားနှင့် ရိက္ခာဖြည့်တင်းခြင်းများအပြင် သတင်းယူထောက်လှမ်းခြင်းများကိုလည်း ပြုလုပ်လျက်ရှိနေပြီး ယခု ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင်လည်း ပိုမိုလှုပ်ရှားလာသည်ဟု ဒေသခံများနှင့် ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူများက‌ ဆိုသည်။

စစ်ရေးနိုင်ငံရေးလေ့လာသုံးသူ ဦးသန်းစိုးနိုင်ကမူ ရခိုင်တွင် စစ်ရေး အပြင်းအထန် ဖြစ်လာနိုင်စရာရှိဟု ပြောဆိုသည်။

"ရှမ်းမြောက်မှာ ရှိတဲ့ လှုပ်ရှားမှု အခြေအနေတွေကို ထိန်းထားချင်လို့ ရှိရင် ရခိုင်ဘက်မှာ စစ်ရေးလှုပ်ရှားမှု မပေါ်ပေါက်အောင် စစ်ကောင်စီဘက်က ထိန်းလိမ့်မယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ဘက် စစ်တပ်တွေကို ဆုတ်ရပြီး ဆိုလိုရှိရင်  သူတို့(စကစ)အတွက် ပိုပြီးတော့ အားနည်းလျော့ပါးသွားနိုင်တဲ့ အနေအထားရှိတဲ့အတွက် ရခိုင်မှာတော့ စစ်တပ်ဘက် ချက်ချင်းလက်ငင်း စစ်ရေးလှုပ်ရှားမှုတွေ အကောင်အထည်ဖော်နိုင်မှု  သိပ်များများစားစား ရှိမယ်မထင်ပါဘူး။ ဒါကြောင့် အေအေမှာရှိတဲ့ အင်းအားနဲ့ ရခိုင်ကို ထိန်းထားနိုင်တဲ့ အတွက် ရခိုင်မှာ စစ်ရေးအပြင်းအထန်ဖြစ်လာနိုင်စရာအကြောင်း နည်းပါးတယ်လို့ ကျနော် သုံးသပ်ပါတယ်" ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် မြောက်ဦးမြို့နယ်သို့ စစ်‌ရေယာဉ်များဖြင့် ရိက္ခာလက်နက် ဖြည့်တင်းခြင်းများလည်း ခပ်စိပ်စိပ်ပြုလုပ်ခြင်းများ ရှိသည်ဟု သိရသည်။

အဆိုပါ ၁၀၂၇ စစ်ဆင်ရေးသည် ရခိုင်သို့ စတင် ကူးစက်လာခြင်းသည် ရက္ခိုင်ဒေသအတွင်းတွင် ရန်သူစစ်ကောင်စီ၏ စစ်ကြောင်းများ ပိုမိုလှုပ်ရှားသွားလာနေသည်ကို တွေ့ရှိရပြီး ရေလမ်းကြောင်းကို အဓိကအသုံးပြု၍ စစ်ရေးလှုပ်ရှားနေသည်မှာ သိသာထင်ရှားသော ရန်သူ၏ စစ်ရေးကြိုတင် ပြင်ဆင်နေမှုကြီးပင် ဖြစ်သည်။

အခြားတစ်ဘက်တွင်လည်း မိမိတို့ အရပ်သားပြည်သူများ နေ့စဉ်သွားလာရာနေရာများတွင် စစ်ဆေးမှုများကို ပိုမိုတင်းတင်း ကြပ်ကြပ် ပြုလုပ်လာခြင်းတို့ဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ယခုကဲ့သို့  နှစ်ဘက်နားလည်မှုဖြင့် အပစ်ခတ်ရပ်နားထားချိန်တွင် စစ်ကောင်စီဘက်မှ တိုက်ပွဲအတွက် စိန်ခေါ်မှုမျိုးဖြစ်စေသည့် လုပ်ရပ်မျိုးမလုပ်သင့်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက နိရဉ္စရာသို့ ပြောသည်။

"အရင်တုန်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်။ အဲဒီကြားထဲမှာ နိုင်ငံတကာဘက်ရော၊ ဒီဘက်ကရော အတိုင်းအတာတစ်ခုအထိ သဘောတူညီမှုတစ်ခုရတဲ့အတွက်ကြောင်း တိုက်ပွဲတွေ ရပ်ဆိုင်းသွားခဲ့တယ်။ ဆိုတော့ အဲအပေါ်မှာ အခုအထိ ငြိမ်းချမ်းမှုတွေ ရနေတဲ့ အနေအထားပါ။ ဒီလိုအနေအထားမှာ စကစက စစ်အင်းအားတိုးချဲ့တာတို့ ၊ အရပ်ဘက်က လူတွေကို ဖမ်းတာဆီးတာ စစ်ဆေးမေးမြန်းမှုတွေ လုပ်လာတယ်ဆိုတော့ ဒါက တိုက်ပွဲဖြစ်ဖို့အတွက် စိန်ခေါ်မှုတွေလိုမျိုး ဖြစ်တယ်။ ဆိုတော့ ဒီလိုအနေအထားတွေမှာ တကယ်စေနာရှိရင် မလုပ်သင့်ဘူးပေါ့နော်။ ဒီလို့ မလုပ်သင့်တဲ့အနေအထားတွေကို အခုလိုလုပ်လာတယ်ဆိုတော့ ဒါက တိုက်ပွဲဖြစ်ဖို့ သူတို့ဘက်က အစပြုတယ်လို့ မြင်ပါတယ်" ဟု ပြောသည်။

ဒေသခံရက္ခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင် တက်ကြွလှုပ်ရှားနေသူများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ခရီးသွားလာမှု ဆိုင်ရာအချက်အလက်များကို ပိုမိုတင်းကြပ်စွာ စစ်ဆေးလာနေပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းများ အခြေစိုက်ရာရုံးများတွင် လည်း ဝင်ရောက်ဖမ်းဆီးမှု၊ စစ်ဆေးမှုများကို ဆက်တိုက်ပြုလုပ်နေသည်။

ယင်းကဲ့သို့ လုပ်နေခြင်းမှာ ရန်သူသည် ဒေသခံမီဒီယာများကို သတင်းမှန်များ မရေးသားနိုင်အောင် စနစ်တကျ အကွက်ချ စီစဉ်လုပ်ဆောင်နေခြင်းပင် ဖြစ်သည်ဟုဆိုသည်။

ထို့အပြင် ရက္ခိုင်ဒေသတွင်း မြို့နယ်အချို့တွင် ရန်သူစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများမှ လက်နက်စမ်းသပ်၊ ခြောက်လှန့်ပစ်ခတ်မှုများကို လစဉ်နီးပါး ဆက်တိုက် လုပ်ဆောင် လာနေသည်မှာလည်း ရက္ခိုင်ဒေသ ၁၀၂၇ စစ်ဆင်ရေး၏ အစဟုပင် ပြော၍ရသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့၏ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအပြင်ချင်းပြည်နယ်၊ ပလက်ဝဘက်သို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်လှေများဖြင့် မကြာခဏ သွားလာလှုပ်ရှားနေကြောင်း သိရသည်။ 

ဆက်စပ် သတင်းများ