တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တောင်ပိုင်း ခရိုင်မြို့တစ်ခုဖြစ်သော တောင်ကုတ်တွင် မြန်မာစစ်တပ် စစ်ပြင်ဆင်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

ရခိုင်ပြည်နယ်တောင်ပိုင်း ခရိုင်မြို့ တစ်ခုဖြစ်သော တောင်ကုတ်မြို့တွင် မြန်မာ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဒေသအတွင်းက သတင်းရင်းမြစ်ထံမှ သိရသည်။

လက်ရှိစစ်ကောင်စီတပ်သည် တောင်ကုတ်မြို့ပေါ်ရှိ ဘုရားတောင်များအပါအဝင် အနည်းဆုံးနေရာ ၃ ခုတွင် လက်နက်ကြီးတပ်ဖွဲ့စည်းထားပြီး မြို့အဝင်အထွက်ချောင်းတစ်လျှောက်လည်း နေရာယူထားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပန်းမြောက်တောင်စေတီတော်ရှိရာတောင်၊ တပ်ဦးဘုန်းကြီးကျောင်းတောင်၊ တောင်ကုတ်မြို့ရေကြောင်းအဝင်အထွက်လမ်းမှ ဘီလူးကြီးတောင်တို့တွင် လက်နက်ကြီးတပ်များဖွဲ့စည်း၍ အသင့်ပြင်ဆင်ထားကြောင်း သူက ပြောသည်။

"ပန်းမြောက်တောင်မှာလည်း လက်နက်ကြီးတပ်ချထားပြီ။ ပြီးတော့ တပ်ဦးကျောင်းမှာလည်း လက်နက်ကြီးဆင်ထားတယ်။ တောင်ကုတ်မြစ်ဘက် ထွက်တဲ့လမ်းမှာရှိတဲ့ ဘီလူးကြီးတောင်မှာလည်း လက်နက်ကြီးတပ်ဆင်ထားပါတယ်" ဟု ပြောသည်။

စစ်ကောင်စီတပ်သည် တောင်ကုတ်မှ ရေကြောင်းထွက် ပေါက်တစ်ခုဖြစ်သည့် ရန်ခိုချောင်းတစ်လျှောက်တွင်လည်း နေရာယူထားပြီး မကြာခဏကင်းပုန်းဝပ်ကြောင်း သူက ဆက်ပြောသည်။

"ရန်ခိုချောင်းတစ်လျှောက်မှာ စစ်တပ်ကင်းပုန်းဝပ်နေတာရှိတယ်။ ပြီးတော့ ရန်ခိုချောင်းကိုလည်း နောက် ၅ ရက်လောက်ပဲသွားလာခွင့်ပေးပြီး အပြီးပိတ်ပစ်တော့မယ်လို့ သိရပါတယ်။ အဲဒီမှာ ချောင်းပိတ်တဲ့ အချိန်သွားလာတဲ့ လူတွေဆိုရင် သူတို့ပစ်သတ်ခွင့်အမိန့်ရထားတယ်လို့ ကြားထားရတယ်" ဟု ပြောသည်။

စစ်ကောင်စီတပ်က ရှိသမျှအင်အားအသုံးပြု၍ စစ်ရေးပြင်ဆင်နေသည့်အတွက် တပ်ရင်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ဟူ၍ မရှိသလောက်နည်းပါးနေပြီး အမျိုးသမီးနှင့် ကလေးသူငယ်များ လောက်သာ ရှိတော့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

"သူတို့စစ်ရေးပြင်ဆင်နေတာ။ တပ်ဖွဲ့ဝင်တွေအကုန်လုံး မြို့ထွက်ပေါက်ဝင်ပေါက်တွေမှာ ဖြန့်ထားတော့ တပ်တွင်းတောင် ယောက်ျာ မရှိသလောက်ပဲလို့ ကျွန်တော်တို့ ကြားထားရတယ်" ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် (AA)က မြို့ပေါ်သို့ဝင်ရောက်တိုက်ခိုက်မည်စိုးရိမ်၍ နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်တွင် မြို့နှင့်ချိတ်ဆက်ထားသည့်ကျေးရွာချောင်းကူးတံတား ၃ စင်းကို အတင်းဖြိုဖျက်ခိုင်းခဲ့သည်။

ကိုင်းရှည်ရပ်ကွက်နှင့် တောင်ကုတ်မြို့မဈေးကြီးကိုချိတ်ဆက်ထားသည့်တံတား၊ တောင်ရွာကျေးရွာနှင့် တောင်ကုတ်မြို့ဘက်ကမ်း မှိုဟင်းတောကျေးရွာကိုချိတ်ဆက်ထားသည့်တံတား၊ သလိန်ပြင်ကျေးရွာနှင့် တောင်ကုတ်မြို့ဘက်ကမ်း ဝက်ကျိပ်ကျေးရွာသို့ချိတ်ဆက်ထားသည့်တံတားများကို ဖြိုဖျက်ခဲ့ရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်ညနေပိုင်းကပင် တောင်ကုတ်ခရိုင်ထဲမှ တန်းလွဲ ရွာမမြို့ရဲစခန်းနှင့် လမူးစံပြတိုက်နယ်ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များမှာ AA ကစီးနင်း တိုက်ခိုက်မည်စိုး၍ စခန်းများကိုလက်လွှတ်ပြီး မြို့ပေါ်သို့ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့စခန်းနှစ်ခုလက်လွှတ်လိုက်ရသည့်စစ်ကောင်စီသည် တောင်ကုတ်မြို့၏ စစ်ရေးဗျူဟာအရ အပေါ်စီးကျသည့် တောင်တန်းများတွင် လက်နက်ကြီးတပ်များဖွဲ့စည်းပြီး တပ်ဖွဲ့ဝင်များကိုလည်း ဖြန့်ကြက် နေရာယူထားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

အဆိုပါ တောင်ကုတ်တွင် စစ်ကောင်စီက စစ်ရေးပြင်ဆင်နေမှုများနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုချက်ကိုတော့ နိရဉ္စရာသတင်းဌာန အနေဖြင့် ရယူနိုင်ခြင်း မရှိသေးပါ။ 

တောင်ကုတ်မြို့သည် ရခိုင်နှင့် မြန်မာပြည်မကို ဆက်သွယ်ထားသည့် တောင်ကုန်-ပန်းတောင်းကားလမ်း ရခိုင်ဘက်ခြမ်းတွင်တည်ရှိသဖြင့် စစ်ရေးအရ အလွန်အရေးပါသောမြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။ ၁၇၈၄ ခုနှစ်က ရခိုင်ပြည် မြောက်ဦးမင်းနေမြို့တော်ကို သိမ်းပိုက်ရာတွင် မြန်မာပဒေသရာဇ် စစ်တပ်သည် ၎င်းတောင်ကုတ်- ပန်းတောင်းလမ်းကို ဖြတ်ကျော် အသုံးပြုပြီး ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

တောင်ကုတ်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားလာပါက လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်ကို စိုးရိမ်ကြောက်လန့်၍ မြို့ပေါ်ရပ်ကွက်တချို့တွင် ဗုံးခိုကျင်းများ တူးနေကြပြီး အဆိုပါ ဗုံးခိုကျင်းများတူးနေသည်ကိုတွေ့ရှိပါက စစ်ကောင်စီတပ်ကပြန်ဖို့ခိုင်းကြောင်း နိရဉ္စရာက စုံစမ်းသိရှိရသည်။ (NN-23)

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ