တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ကမန် အမျိုးသမီးများ တန်းတူပညာသင်ယူမှု ကန့်သတ်ချက် အတားအဆီးများ အခက်အခဲရှိနေဆဲ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 325

ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သည့် ကမန် လူမျိုးလူငယ်များ၏ တန်းတူပညာသင်ယူခွင့် ကန့်သတ်ချက်၊ အခက်အခဲရှိနေဆဲဖြစ်ကြောင်း ကမန်လူမျိုးအရေးလှုပ်ရှားသူများက ပြောသည်။

"စစ်တွေမြို့နဲ့ ၄ မိုင်လောက်ပဲဝေးတဲ့ ကမန်ရွာတွေဟာ စစ်တွေမြို့ထဲ ကျောင်းသွားတက်ဖို့ အခက်အခဲကြုံတွေ့ခဲ့ရတယ်။ ၂၀၁၂ ဝန်းကျင်ကနေ ၂၀၂၀ အတွင်းမှာ ဆယ်တန်းအောင်တဲ့ ကမန်ဆိုရင် လက်ချိုးရေလို့ရတယ်။ လက် ဆယ်ချောင်းပြည့်တဲ့အနေအထားမရှိပါဘူး" ဟု ကမန်လူမျိုးအရေးလှုပ်ရှားသူ ကမန်အမျိုးသမီး မဆောင်းနှင်းဝေ က ပြောသည်။

စစ်တွေမြို့နယ်တွင် သာယာကုန်း၊ သင်္ဂနက်၊ ရွာမ၊ သက်ကယ်ပြင်အစရှိသည့် ကမန်ကျေးရွာများတွင် နေထိုင်သည့် ကမန်လူမျိုးကျောင်းသားများသည် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခနောက်ပိုင်း စစ်တွေမြို့ထဲရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းဝင်ခွင့်ကန့်သတ်ခံခဲ့ရသည်။

"ကမန်လူမျိူးတွေက များသောအားဖြင့် အစ္စလာမ်ဘာသာဝင်တွေ များတယ်။ ကိုးကွယ်တဲ့ ဘာသာတရားအနေနဲ့ရော၊ အမျိုးသမီးအနေနဲ့ရော ပညာသင်ခွင့်က ဦးစားပေးခြင်းမခံရဘူး။ ကျွန်မတို့ အမေတွေဆိုရင်လည်း ပညာသင်ဖို့အခွင့်အလမ်းနည်းခဲ့တယ်။ ပိုက်ဆံမရှိလို့မသင်ရတာမဟုတ်ဘူး။ ပြီးတော့ အမျိုးသမီးတွေ ပညာတတ်ပြီးရင် ဘာလုပ်မှာလဲ ဆိုတဲ့အတွေးအခေါ်တွေက ရခိုင်မှာရော၊ ကမန်လူမျိုးတွေမှာရော ရှိနေကြသေးတယ်။ ပညာသင်ခွင့်ရပြန်ရင်လည်း ကမန်တွေက အစ္စလာမ်ဘာသာကိုးကွယ်လို့ဆိုပြီး ခွဲခြားဆက်ဆံမှုတွေရှိတယ်။ တချို့ကျောင်းတွေဆို မွတ်ဆလင်ဘာသာဝင်ဆို ပညာသင်ခွင့်ကို လက်မခံတဲ့ကျောင်းတွေလည်းရှိတယ်”ဟု သာယာကုန်းကျေးရွာမှ ကမန်အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကြောင့် အနီးအနားရှိ အထက (၉)မင်းဂံကျောင်း၏ တွဲဖက်ဖြစ်သော စစ်တွေတပ်နယ်အထဲရှိ အလက (၉)ကျောင်းနှင့် သာယာကုန်းကျေးရွာနှင့် မိုင် ၂၀ ခန့်ဝေးသည့် သက်ကယ်ပြင်ကျေးရွာရှိ အထက (၁၀) ကျောင်းတို့တွင် သွားရောက် ပညာသင်ကြားခဲ့ကြရကြောင်း သိရသည်။

သွားလာရေးအခက်အခဲကြောင့် သာယာကုန်းကျေးရွာတွင် အထက်တန်းကျောင်းခွဲကို ယခင် ပြည်သူ ရွေးကောက်တင်မြှောက်ထားသည့် အစိုးလက်ထက်၌ ဆောက်လုပ်ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

သို့သော် သာယာကုန်းကျေးရွာရှိ အထက(ခွဲ)ကျောင်းကို တရားဝင်ကျောင်းမဟုတ်ဟုဆို၍ မြို့နယ်ပညာရေးမှူးက ၂၀၂၂ ခုနှစ် စာသင်နှစ်တွင် ယင်းကျောင်းအတွင်း ကျောင်းအပ်ခွင့်နှင့် ကျောင်းတက်ခွင့်တို့ကို တားမြစ်ခဲ့သည်။

ယင်းသို့တားမြစ်ခဲ့သည့်အတွက် အဆိုပါကျောင်းတွင် ပညာသင်ယူနေသည့် သာယာကုန်းရွာအပါအဝင် သင်္ဂနက်နှင့် သက်ကယ်ပြင်စသည့် ကမန်ကျေးရွာ ၃ ရွာရှိ ကျောင်းသူ၊ ကျောင်းသား ၄၆ ဦး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြရသည်။

စစ်တွေမြို့ပေါ်ရှိ အစိုးရပညာသင်ကျောင်းများတွင် ပညာသင်ကြားခွင့် မရရှိခဲ့သော ကမန် ကျောင်းသားများသည် ယခုနှစ် ၂၀၂၃ ပညာသင်နှစ်တွင် စစ်တွေမြို့ အထက(၁) တွင် ပညာသင်ကြားခွင့် စတင်ရရှိခဲ့သည်ဟု သိရသည်။

တက္ကသိုလ်ပညာရေးတွင်လည်း ကမန်ကျောင်းသားများသည် ခွဲခြားဆက်ဆံခံရမှုများခံနေရဆဲဖြစ်ကြောင်း ကမန်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

"သံတွဲမှာဆိုရင်လည်း တက္ကသိုလ်ဝင်တန်းအထိ ကောင်းကောင်းမွန်မွန်သင်ခဲ့ရပေမယ့် ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ် ဝင်တန်းအောင်ပြီး တက္ကသိုလ်တက်တဲ့အနေအထားမှာ သံတွဲနဲ့ ၄၄ မိုင်ပဲဝေးတဲ့ တောင်ကုတ်မှာ တက္ကသိုလ်ရှိပါလျက်နဲ့ လုံခြုံရေးအရ ကမန်လူမျိုးတွေဟာ တောင်ကုတ်တက္ကသိုလ်မှာ တက်ခွင့်မရဘူး။ စာစစ်ဌာနအနေနဲ့ဆိုရင် ယာယီအဝေးသင်စာစစ်ဌာနဆိုပြီး သံတွဲမြို့ပေါ်မှာရှိတဲ့ GTI ကျောင်းမှာပဲ အနီးကပ်တက်ပြီး စာမေးပွဲဖြေနေရတဲ့ အနေအထားမှာရှိပါတယ်။ ငွေကြေးတတ်နိုင်ပြီး အဆက်အသွယ်ရှိတဲ့ မိသားစုတွေကတော့ ကိုယ့်သားသမီးတွေကို ရန်ကုန်တို့၊ ပုသိမ်တို့၊ ပြည်တို့မှာ သွားတက်ရပါတယ်။ နောက်တစ်ခုက နိုင်ငံရေး စိစစ်ရေးကဒ်ပြား လုပ်တဲ့နေရာတွေမှာ တအားခက်ခဲတာရှိတယ်။ ငွေကြေးကုန်ကျမှုလည်း များတယ်။ အချိန်ကြန့်ကြာမှုလည်း သူများထက်ပိုများပါတယ်" ဟု ဆိုသည်။

ယခုကဲ့သို့ ပညာရေးအခက်အခဲများကြောင့် အမျိုးသမီးကျောင်းသူအများစု ပညာသင်ခွင့်ဆုံးရှုံးကြရသည်ဟု ဆိုသည်။

"စုံလင်ကွဲပြားတဲ့ လူမျိုးစုတွေ တန်းတူအတူတကွ ယှဉ်တွဲနေထိုင်ဖို့ဆိုရင် အဓိက လူမျိုးကြီး ဝါဒကို မကျင့်သုံးဖို့ လိုပါတယ်။ ဒီနေရာက ငါတို့ပိုင်တာ၊ တခြားလူမျိုးတွေက ငါတို့အောက်မှာပဲ ရှိသင့်တယ်ဆိုတဲ့ အတွေးအခေါ် အယူအဆ အပြောအဆို အပြုအမှုတွေကို ပြောင်းလဲပစ်ဖို့လိုပါတယ်။ အထူးသဖြင့် ရခိုင်လူမျိုးပဲ ဖြစ်ဖြစ်၊ ကမန်လူမျိုးပဲ ဖြစ်ဖြစ် သူတို့တွေက လူသားတွေဖြစ်တယ်။ အရေးကြီးတာက လူသားချင်းစာနာထောက်ထားပြီး လူ့အခွင့်အရေးတွေက ပိုအရေးပါတယ်ဆိုတာကို ကျွန်မတို့အားလုံး သိထားဖို့လိုပါတယ်"ဟု သတင်းထောက်တစ်ဦးလည်းဖြစ်၊ ရုပ်ရှင်ဖန်တီး တင်ဆက်သူ တစ်ဦးလည်းဖြစ်သည့် ကမန်အမျိုးသမီးတစ်ဦးက အတွေ့အကြုံများကို ပြောပြသည်။

သို့သော် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ  ရခိုင်မျိုးနွယ်စုများကြားတွင် ဆက်ဆံရေး ကောင်းမွန်ပြောင်းလဲလာသလို ခွဲခြားဆက်ဆံမှုများလျော့ပါးလာသည်ဟု မဆောင်းနှင်းဝေက ပြောသည်။

"လူကြီးပိုင်းကတော့ နည်းနည်း Welcome လုပ်တာအားနည်းတဲ့အပိုင်းမှာရှိနေတယ်။ လူငယ်တွေကတော့ အထူးတလည်ပြောစရာမလိုဘူး။ အခုလက်ရှိလည်း ကျမတို့တွေ အလုပ်တွေအတူတူလုပ်ဖြစ်ကြပါတယ်။ ဘာသာရေး အတွေ့အကြုံတွေ၊ ဘာသာရေးအသိအမြင်တွေဆိုရင်လည်း ဖလှယ်ဖြစ်ပါတယ်။ ညီကိုမောင်နှမတွေလိုပါပဲ"ဟု ပြောသည်။

ရခိုင်လူမှုရေးလှုပ်ရှားသူ ကမန်အမျိုးသမီးတစ်ဦးဖြစ်သည့် မခင်မျိုးညွန့်က “မတူကွဲပြားတာတွေအများကြီးရှိပေမဲ့လည်း ကျမတို့ တစ်ယောက်ကို တစ်ယောက် နားလည်မှု၊ ယုံကြည်မှုနဲ့ တည်ဆောက်သွားမယ်ဆိုလို့ရှိရင် တိုးတက်နိုင်တဲ့အနေအထားတစ်ခုရှိတယ်လို့မြင်ပါတယ်" ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခတွေကြောင့် ဆယ်စုနှစ် တစ်ခုကြာတင်းမာခဲ့သည့် လူမျိုးရေးဘာသာရေးမတူညီသည့် လူမျိုးစုများအကြား ဆက်ဆံရေး ပြန်လည် အဆင်ပြေလာခဲ့ပါပြီဟု ရခိုင်ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ် ကမ်းခြေနှင့် စျေးတို့တွင် မွတ်ဆလင်များ အပန်းဖြေသွားလာမှုများ ရှိလာသလို ရခိုင်လူများလည်း မွတ်ဆလင်ကျေးရွာများ၊ စျေးများတွင် သွားလာဝယ်ယူမှုများကို ယခုနှစ်များအတွင်းမှာ ပိုပြီးတွေ့မြင်လာရသည်ဟု ဆိုသည်။

ယခုကဲ့သို့ ရခိုင်နှင့် မွတ်ဆလင်အပြင် အစ္စလာမ်ဘာသာကိုးကွယ်သည့် ကမန်လူမျိုးများအကြား ဆက်ဆံရေး ပြန်လည်ပြေလည် လာရခြင်းမှာ ၂၀၂၀ အပစ်ရပ်ကာလအတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများပြေလည်စေရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို တည်ဆောက်ခဲ့သည့် ရက္ခိုင့်တပ်တော် (AA)ကြောင့်ဟု ရခိုင်မှ လူမှုရေးလှုပ်ရှားသူများက ပြောသည်။

ခွဲခြားဆက်ဆံမှုများသည် အုပ်ချုပ်ကိုင်တွယ်မှုနှင့်သာဆိုင်ပြီး လူမျိုးစုများအကြား အချင်းချင်း နားလည်ယုံကြည်မှုနှင့် တည်ဆောက်ပါက တိုးတက်ပြောင်းလဲလာမည်ဟု မခင်မျိုးညွန့်က ဆက်ပြောသည်။

"ခွဲခြားဆက်ဆံမှုတွေဆိုတာ ကိုင်တွယ်အုပ်ချုပ်မှုနဲ့ဆိုင်တယ်လို့ ကျမကတော့ မြင်တယ်။ မတူကွဲပြားတာတွေအများကြီးရှိပေမယ့်လည်း ကျမတို့ တစ်ယောက်ကို တစ်ယောက် နားလည်မှု၊ ယုံကြည်မှုနဲ့ တည်ဆောက်သွားမယ်ဆိုလို့ရှိရင် တိုးတက်နိုင်တဲ့အနေအထားတစ်ခုရှိတယ်လို့မြင်ပါတယ်" ဟု ပြောသည်။

ကမန်လူမျိုးများသည် စစ်တွေ၊ သံတွဲမြို့များတွင် အများစု နေထိုင်ကြပြီး ကျောက်ဖြူနှင့် ရမ်းဗြဲတို့တွင် အနည်းငယ် ပျံ့နှံ့နေထိုင်ကြသည်။

၂၀၁၄ ခုနှစ်တွင် ကမန်ပါတီမှ ကောက်ယူခဲ့သည့် စာရင်းအရ ရခိုင်ပြည်နယ်တွင် ကမန်လူမျိုးစုစုပေါင်း ငါးသောင်း ကျော်နေထိုင်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ