တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်တွင် စစ်ကောင်စီကားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့်ပစ်ခတ်


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.5k

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မုတ်ရွာအလွန်တွင် စစ်ကောင်စီကားများကို ရက္ခိုင့်တပ်တော်(AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၈ ရက် ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် သံတွဲဘက်မှ တောင်ကုတ်သို့လာသည့် အင်အား (၅၀) ခန့်ပါရှိသော အိမ်စီးကား အမျိုးအစားတစ်စီးနှင့် စစ်ကား (၂) စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

"သံတွဲဘက်က ဝင်လာတဲ့ ကား ၃ စီးကို အေအေက မိုင်းဆွဲလို့ ထိခိုက်မှုရှိတယ်ကြားတယ်။ ၁၀ နာရီ ၂၅ မိနစ်လောက်က မုတ်ကျေးရွာကနေကျော်သွားပြီး မကြာဘူး ပစ်သံတွေကြားရတယ်။ ပစ်သံအရ နှစ်ဘက်တိုက်ပွဲတော့ မဟုတ်ဘူး။ နောက်ပြီးတော့ သေနတ်တွေပစ်ပြီး ကားနဲ့ တောင်ကုတ်ဘက်ကို ထွက်သွားတယ်" ဟု ဆိုသည်။

 

၎င်းတိုက်ခိုက်ခံရသော နေရာသည် မုတ်ကျေးရွာနှင့် တပျော့အကြား ကြိုးဝိုင်းသစ်တောတွင် ဖြစ်နိုင်သည်ဟု ၎င်းက ပြောဆိုသည်။

 

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် တောင်ကုတ်တပ်မနှင့် ပန်းမြောက်တောင်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မြို့ခံများက ပြောသည်။

 

"၁၀ နာရီ မိနစ် ၂၀ ကနေ စပစ်တာ အခုထိ တောင်ကုတ်တပ်မဘက်ကနေ လက်နက်ကြီးတွေ ပစ်နေတာတွေ ကြားရတယ်။ အချက် (၂၀) လောက်ရှိပြီ။ ဘယ်ကို ပစ်လို့၊ ဘယ်နေရာတွေကိုကျလဲမသိဘူး" ဟု တောင် ကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

 

လက်ရှိမှာ စစ်ကောင်စီတပ်စခန်းများက ဖြစ်စဥ်ဖြစ်ပွားသည့်နေရာဘက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်ဟု သိရသည်။(NN-7)

ဆက်စပ် သတင်းများ