ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

စကခ(၅)အခြေစိုက်ရာ တောင်ကုတ်တိုက်ပွဲတွင် စစ်တပ်ဖက်က ၃၀ ကျော်ဝန်းကျင်သေဆုံးဟုသတင်းထွက်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ(၅) အခြေစိုက်ရာ တောင်ကုတ် မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ဝန်းကျင် သေဆုံးမှုရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

တောင်ကုတ်မြို့နယ်၊ ပင်မဓာတ်အားခွဲရုံရှိရာ ဘာယေကျေးရွာနှင့် မုတ်ကျေးရွာအကြား ၉ မိုင်တောင်အတက်တွင် ယနေ့ နံနက် ၅ နာရီခွဲကျော်က စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာမှ AA နှင့်စစ်ကောင်စီတို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်က အသေဆုံးများပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နှင့် ၄၀ ကြားသေဆုံးမှုရှိကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

" စစ်တပ်ဖက်က အသေဆုံးရှိတာကတော့သေချာပါတယ်။ ကျွန်တော်တို့ကြားထားတာက အယောက်သုံးဆယ်နဲ့လေးဆယ်ကြားလောက်သေတယ်ကြားတယ်ဗျ" ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

နောက်ထပ်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးကမူ စစ်ကောင်စီအဖွဲ့အဝင် ၃၀ ကျော်သေဆုံးပြီး တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်တွင် အလောင်းများပြန့်ကျဲနေကြောင်း ပြောသည်။

 

" စစ်တပ်ဖက်က ၃၀ လောက်သေတယ်လို့သိထားရတယ်။ လမ်းတွေမှာအလောင်းတွေပြန့်နေတယ်လို့ ပြောကြတယ်" ဟု ပြောသည်။

 

၎င်းတိုက်ပွဲအတွင်းက သေနတ်သံများကို ယနေ့ နံနက် ၅ နာရီခွဲကျော်ကနေ နံနက် ၁၀ နာရီ နီးပါးထိ ဒေသခံများက ကြားခဲ့ရသည်ဟု ပြောဆိုသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ နိရဥ္စရာအနေဖြင့် နှစ်ဖက် တာဝန်ရှိသူများကို မေးမြန်း၍ မရနိုင်သဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါ။

 

သို့သော်လည်း တိုက်ပွဲဖြစ်ရာအနီးတဝိုက်ကျေးရွာများမှ ဒေသခံများကို ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီဖက်မှသေဆုံးမှုများရှိသည်ဟု ပြောဆိုနေကြ ကြသည်။(NN-23)

ဆက်စပ် သတင်းများ