သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကမ်းထောင်းကြီးမြို့ကို တစ်ပတ်အတွင်း ၂ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 431

(နောက်ဆုံးအကြိမ် စာသင်ကျောင်းကိုပါဗုံးကြဲ)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၁/၂၀၂၄

စစ်ကောင်စီသည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို နှစ်ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ဆုံးအကြိမ် တိုက်ခိုက်မှုတွင် စာသင်ကျောင်းပါ  ဗုံးကြဲ၍ မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းရရှိသည်။

ယမန်နေ့ မတ်လ ၃၁ ရက်နေ့ ည ၈နာရီကျော်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့မှုကြောင့် ရခိုင်ကုန်းရပ်ကွက်တွင် ဗုံးကျရောက်ခဲ့ပြီး အခြေခံပညာ (မူလွန်)ကျောင်း မီးလောင်ကျွမ်းခဲ့ပြီး ရပ်ကွင်းအတွင်း နေအိမ် ၄ လုံး မီးလောင်ပြာကျခဲ့ကြောင်း ကမ်းထောင်းကြီး မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" မနေ့ညက ဂျက်နဲ့ လာကြဲတာ။ ကျနော်တို့တောင် ထိတ်လန့်သွားရတယ်။ ရခိုင်ကုန်းရပ်ကွက်က မီးလောင်နေတာကိုမြင်ရတယ်။ စာသင်ကျောင်းနဲ့ နေအိမ်တွေမီးလောင်သွားတယ်။ ဆုံးရှုံးမှုတွေ အရမ်းများနေပါပြီ။ လူတွေကတော့ အထိအခိုကမရှိသွားဘူး ကမ်းထောင်းကြီးမြို့ကို ဗုံးကြဲတိုက်ခိုက်တာ တစ်ပတ်အတွင်း နှစ်ကြိမ်ရှိပြီ " ဟုပြောသည်။


စစ်ကောင်စီသည် မြေပုံမြို့နယ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ ၂၂ရက်နေ့မှ ၃၁ရက်နေ့အထိ ဗုံးကြဲတိုက်ခိုက်မှု (၄)ကြိမ်အထိရှိနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီမှ ဖက်ဆစ် စစ်တပ်ပီပီ  ပြည်သူများနေထိုင်သည့်  မြို့နှင့်  ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လာမှုကြောင့် အလွန်တရာမှ စိုးရိမ်ကြောက်လန့်မိသည်ဟု အမ်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ကျမတို့က ရွာမှာမဖြစ်သေးပေမယ့် မြေပုံမှာဆိုရင် ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာမကြာလုပ်တယ်။ လူတွေထိခိုက်သေဆုံးမှုတွေရှိတယ်။ ဂျက်ဖိုက်တာက မြန်တယ်။ ကျမတို့မသိလိုက်တဲ့အချိန်မှာ များလာပြီးကြဲသွားမလားဆိုပြီး စိုးရိမ်ပူပန်မှုတွေရှိနေပါတယ် " ဟုပြောသည်။

ရခိုင်ပြည်တွင် မတ်လ (၁) ရက်နေ့မှ (၂၈)ရက်နေ့အထိ  စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၁  ကြိမ် အထိရှိခဲ့ပြီး  လူပေါင်း ၄၈ ဦးသေဆုံးကာ ၆၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း နိရဉ္စရာ၏ ကောက်ယူထားသည့် သတင်းအချက်အလက်အရသိရသည်။

ဆက်စပ် သတင်းများ