ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ဝံလက်ဖောင်ဒေးရှင်းမှ စစ်ဘေးရှောင် အိမ်ထောင်စု (၅၀၀) ကျော်ကို တစ်စုလျှင် ကျပ်တစ်သိန်းခွဲခန့် ထောက်ပံ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 446

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဧပြီ ၅/ ၂ဝ၂၄

ဆေးဝါးနှင့် စားနပ်ရိက္ခာပြတ်တောက်နေ၍ အခက်အခဲဖြစ်နေကြသည့်  ရခိုင်မှ စစ်ဘေးရှောင် အိမ်ထောင်စု (၅၀၀) ကျော်ကို တစ်စုလျှင် ကျပ် (၁၄၂၅၀၀) နူန်းဖြင့်  ဝံလက်ဖောင်ဒေးရှင်းက ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

လမ်းခရီးသွားလာရခက်ခဲသည့် နေရာများရှိစစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေး အထူး အခက်ခဲဖြစ်နေသည့် အတွက်  ငွေကြေးထောက်ပံ့ ကူညီပေး ခြင်းဖြစ်ကြောင်း ဝံလက် ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက နိရဉ္စရာကိုပြောသည်။

" စစ်ပွဲကြောင့် ရှောင်ပြေးနေရတဲ့လူတွေကိုပေါ့။ အဓိက သူတို့ အစားအစာအတွက် အခက်အခဲ ရှိကြတယ်။ နောက်နေထိုင်တဲ့နေရာပေါ့။ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်း တွေမှာနေလည်း စိုးရိမ်ပြီး နေကြရတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲမှာကို စိုးရိမ်ပြီးနေကြရတယ်။ ဆေးဝါးနဲ့ အစားအစား အခက်အခဲရှိကြတယ်။ ဒါကြောင့် တစ်ဖက်တစ်လမ်းက အဆင်ပြေအောင် ထောက်ပံ့ကူညီတာ ဖြစ်ပါတယ်" ဟုပြောသည်။

ဝံလက်ဖောင်ဒေးရှင်းမှ လွန်ခဲ့သည့် ဧပြီလ၊ လက်ဆန်း ၁ ရက်နေ့ခန့်ကစ၍ ကျောက်တော်မြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ အိမ်ထောင်စု (၅၈၉) စုကို တအိမ်ထောင်လျှင် ငွေကျပ် တသိန်းကျော် (၁၄၂၅၀၀)  ထောက်ပံ့ ပေးခဲ့ကြောင်း ပြောသည်။



"ဒါက ဒုတိယအကြိမ်ပါ။ ပထမအကြိမ်မှာ အိမ်ထောင်စု ခြောက်ရာ၊ ခုနစ်ရာလောက်ကူညီပြီးပြီ။ ကျွန်တော်တို့က ကျောက်တော်ကိုတာဝန်ယူကူညီပေးဖို့ လုပ်နေတာပါ" ဟုပြောသည်။

ရခိုင်တွင် စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်လာပြီးနောက် ဒေသခံ အများအပြားနေရပ်စွန့်ခွာပြီးနီးစပ်ရာ ဆွေမျိုးများရှိရာထွက်ပြေးနေကြရသည်။

NGO/ INGO နှင့် လူသားချင်းစာနာထောက်ထားရေးအဖွဲ့အများ မရောက်ရှိတော့သည့် ရခိုင် စစ်ဘေးရှောင်များအရေးကို ရခိုင်လူမှုအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေကြသဖြင့် ဝမ်းသာမိကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောသည်။

" မိသားစုတွေ တယောက်တနေရာ ပြေးကြတော့ မြေးလေးနဲ့ ကျွန်မကတနေရာ၊ သူ့အဖေနဲ့အမေက တနေရာရောက်သွားတာပါ။ သားနဲ့ချွေးမလေးတို့ ဘယ်လိုစားသောက်နေထိုင်ကြမလဲတွေးပူနေတာပါ။ ဗုံးကြဲချနေတယ်လို့ကြားရင် သူတို့လေးတွေစစ်ဘေးရှောင်သွားတဲ့ ရွာကိုကြဲတာလား တွေးပူ နေရတာပါ။ အခုလူမှု့အဖွဲ့အစည်းတွေက ကူညီပေးတယ်ကြားတော့ ဝမ်းသာမိပါတယ်"ဟုပြောသည်။

လက်ရှိအချိန်အထိ လွန်ခဲ့သည့် ၂ဝ၂၃ခုနှစ် နိုဝင်ဘာလမှ မတ်လအထိ စစ်ဘေးရှောင်ဦးရေ သုံးသိန်း သုံးသောင်းကျော်အထိရှိနေကြောင်း AA မှ ကောက်ယူထားသည့်စာရင်းအရသိရသည်။

ဆက်စပ် သတင်းများ