သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရခိုင်ဒေသသည် တိုက်ပွဲဖြစ်ပွားမှု (၁၄၉) ကြိမ်ဖြင့် စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသအဖြစ် ရပ်တည်နေ (ရခိုင်ပြည်နယ်တွင် လက်နက်ချအညံ့ခံသူ ၁၁၀၁ ဦးရှိ)



ရက္ခိုင့်တပ်တော် (ULA/AA) လှုပ်ရှားရာ ရခိုင်ဒေသသည် တိုက်ပွဲဖြစ်ပွားမှု (၁၄၉)ကြိမ်ဖြင့် စစ်ရေးပဋိပက္ခအပြင်းထန်ဆုံး ဒေသအဖြစ် ရပ်တည်နေကြောင်း ဧပြီ ၃၀ရက်နေ့ထုတ်ပြန်သော BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရ သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် လက်နက်ချအညံ့ခံသူစစ်ကောင်စီတပ်သား ၁၁၀၁ ဦးရှိကြောင်းလည်း ယင်းမှတ်တမ်းကဆိုသည်။

ဇန်နဝါရီ ၁၁ ရက်၊ ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း အမှတ် ၁၉ စစ်ဆင်ရေးဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဇင်မျိုးဆွေ သည်လည်း တိုက်ပွဲမှထွက်ပြေးစဉ် ULA/AA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်းလည်းသိရသည်။

၁၀၂၇ စစ်ဆင်ရေး” အား အဓိကပါဝင်လှုပ်ရှားနေကြသည့် ညီနောင်မဟာမိတ် (၃)ဖွဲ့သည် ရှမ်းမြောက်ဒေသနှင့် ရခိုင်ဒေသအတွင်းရှိ မြို့ပေါင်း (၂၈) မြို့ကို ထိန်းချုပ်သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော် (ULA/AA) မှ (၁၁) မြို့၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) မှ (၈) မြို့၊ ကိုးကန့်တပ်ဖွဲ့ (MNTJP/ MNDAA) မှ (၇) မြို့အဖြစ် အသီးသီး ထိန်းချုပ်သိမ်းပိုက်ထားကြသည်” ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း အာဏာသိမ်းစစ်အုပ်စုထံမှ မြို့ပေါင်း ၅၄ မြို့အထိ တော်လှန်ရေးအင်အားစုများဘက်က ထိန်းချုပ်သိမ်းပိုက်ထားနိုင်ခဲ့သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၁၈) မြို့၊ ချင်းပြည်နယ်တွင် (၉) မြို့၊ ရခိုင်ပြည်နယ်တွင် (၉) မြို့၊ ကရင်နီ (ကယား) ပြည်နယ်တွင်(၅) မြို့၊ စစ်ကိုင်းတိုင်းတွင် (၅) မြို့၊ ကချင်ပြည်နယ်တွင် (၃) မြို့၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် (၂) မြို့၊ ကရင်ပြည်နယ်တွင် (၁) မြို့၊ ပဲခူးတိုင်းအရှေ့ပိုင်းတွင် (၁) မြို့တို့ကိုတော်လှန်ရေး အင်အားစုများက ထိန်းချုပ်သိမ်းပိုက်ထားခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းသည် တိုက်ပွဲဖြစ်ပွားမှု (၁၄၄) ကြိမ်ဖြင့် ဒုတိယမြောက်စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသဖြစ်ကာ၁၀၂၇ စစ်ဆင်ရေး” စတင်ရာ ရှမ်းပြည်နယ်သည် တိုက်ပွဲဖြစ်ပွားမှု (၁၃၆)ခုဖြင့် တတိယမြောက် စစ်ရေးပဋိပက္ခပြင်းထန်ရာ ဒေသအဖြစ် တွေ့ရှိရကြောင်းသိရသည်။

ဓာတ်ပုံ- BNI

ဆက်စပ် သတင်းများ