တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

ပဲခူးတိုင်းမှ ကျေးရွာ ၆ ရွာကို စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်၊ ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးနေရ


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3k

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် (ခလယ်လွီထူခရိုင်) မုန်းမြို့နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေ တပ်မဟာ (၃)အတွင်းရှိ ရွာပေါင်း ၆ ရွာပေါ်သို့ စက်တင်ဘာလ ၁၄ ရက် မနေ့က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ၅ ထောင်ကျော်တို့ ထွက်ပြေးနေကြရ ကြောင်း သိရသည်။

စက်တင်ဘာလ ၁၄ ရက် မနေ့ကနံနက် ၁၀ နာရီခွဲကျော်က ရဟတ်ယာဉ် ၃ စီးဖြင့် ၁၃ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU ဗဟိုက စက်တင်ဘာလ ၁၅ ရက် ယနေ့နံနက်တွင် ထုတ်ပြန် ထားသည်။

ဟောခိုဂေါ၊ ဝိုင်းကြီး၊ ဆင်းပုလဲ၊ လူအရွာ၊ မယ်တလင် နှင့် ထွာနီကုန်း စသည့် ရွာပေါင်း ၆ ရွာတို့သည် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ရာ လူဦးရေ စုစုပေါင်း ၅၂၉၅ ဦးတို့ နေရပ်စွန့်ခွာပြီး ဘေး လွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်


လေကြောင်းမှတိုက်ခိုက်ပြီးနောက် မြေပြင်မှစစ်ကောင်စီတပ်များသည် ဟော်ခိုဂေါ၊ မယ်တလင် နှင့် ဆင်းပုလဲ ရွာများထဲတွင် တပ်စွဲထားလိုက်ကြကြောင်းလည်း သိရသည်။

"စစ်ကောင်စီက တိုက်ပွဲတွေတိုင်းမှာ အကျအဆုံးများလာလို့ ပြည်သူတွေဖက်ဆီ ပစ်မှတ်ထားပြီး အခုလို တိုက်ခိုက်လာကြတာဖြစ်ပါတယ်၊ ဒါတွေက စစ်ရာဇဝတ်မှုတွေပဲဖြစ်ပါတယ်၊ သူတို့ကတော့ နောက်ထပ် လည်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေကြဦးမှာပဲ" ဟု KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေး က နိရဉ္စရာ ကို ပြောထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ရင်း ၄ ခုတို့ အထိုင်ချထားသည့် မုန်းမြို့နယ်ထဲမှ သစ်ချဆိပ်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၁ရက်နေ့ တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ အဆိုပါဒေသပတ်ဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ် ကြောင်းသိရသည်။


စစ်ဘေးရှောင် ကျေးရွာသား ၅ ထောင်ကျော်အတွက်  စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေရာထိုင်ခင်း အမိုးအကာ စသည့် အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူညီများ လိုအပ်လျှက် ရှိကြောင်းလည်း KNU က ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့များကလည်း မုန်းမြို့နယ်ထဲသို့ စစ်ကောင်စီတပ်မှ လက် နက်ကြီးများနှင့်အတူ လေကြောင်းကပါ ပစ်ခတ်တိုက်ခဲ့ရာ ဒေသခံ ၄ ဦးသေဆုံးခဲ့ပြီး ရွာပေါင်း ၅ ရွာမှ ဒေသခံ ၂၈၀၀ ကျော်တို့ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း KNU ဗဟိုက ဖော်ပြထားသည်။ NN- 24

Photo ; 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ဆက်စပ် သတင်းများ