အင်္ဂါ၊ ဇူလိုင်လ ၉ရက်၊ ၂၀၂၄

စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

ဖမ်းဆီးခံထားရသည့် စစ်ကောင်စီအဆင့်မြင့် တာဝန်ရှိသူ နှစ်ဦးဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့အား စစ်တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။

၄င်းတို့နှစ်ဦးအား စစ်တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ကြောင်း အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် စစ်ကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေဆိုင်ရာ မူဝါဒ၊ အရေးကြီး ကုန်စည်ဆိုင်ရာ မူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာ မူဝါဒများနှင့် ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေး အကျိုးအမြတ် ရယူဆောင်ရွက်ခဲ့ခြင်းဖြင့်

နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်ဦးတည်ချက်များကို သွေဖယ်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့ခြင်း၊ နိုင်ငံတော် အစိုးရက စားအုန်းဆီများကိုတင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးကာတင်သွင်းစေခဲ့သော်လည်း နိုင်ငံတော်အစိုးရက ခွင့်ပြုရောင်းချရန် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးတင်ရောင်းချခြင်းကို သိလျက် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများက ပေးအပ်သည့် တံစိုး လက်ဆောင်ပစ္စည်းများကို ရာထူး လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ရယူ ဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့်ညီမျှသော တစ်သက် တစ်ကျွန်းဒဏ်ကို ချမှတ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အလားတူ ဗိုလ်မှူးချုပ် ရန်နောင်စိုးသည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်၏စီးပွားရေး ဆိုင်ရာမူဝါဒနှင့်ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ရယူဆောင်ရွက်ခြင်း၊ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာ မူဝါဒများနှင့် ဆန့်ကျင်ကာ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖယ်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့်အတူ ပူးပေါင်း ကျူးလွန်ခဲ့ခြင်း၊ ရာထူးလုပ်ပိုင်ခွင့်အား အသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လဲလှယ်ပေးခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လက်ခံရယူခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများကို တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာ ဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့် ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကို ချမှတ်ကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက "လူထုအာရုံလွဲအောင်အတွက် သူတို့ပုလင်းတူဗူးဆို့တွေကို ထောင်ဒဏ်ချတယ်ဆိုပြီးတော့ လူမြင်ကောင်းအောင်လုပ်တာ။ အခုပုလင်းတူဗူးဆို့ လုပ်နေတဲ့သူတွေကိုပြောချင်တာက သူတို့ဇာတ်တူသားစားဖို့ဝန်မလေးဘူးဆိုတာပြတာပဲ။ သူတို့ရဲ့အာဏာနဲ့စည်းစိမ်ဥစ္စာတစ်ခုပဲ။ ဘယ်သူ့မှမညှာဘူး။ ရဲဘော်ရဲဘက်စိတ်ဆိုတာလည်းမရှိဘူး။ သူတို့အတွက် အသက်စွန့်ပြီးတိုက်နေတဲ့စစ်သားတွေကိုလည်း ကျွန်တော်ပြောချင်တယ်။ စစ်ဗိုလ်ချုပ်တွေကိုလည်း ပြောချင်တယ်။ ဒါကဟန်ပြလုပ်တာပဲ။ လာဘ်ပေးလာဘ်ယူလုပ်တာ၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်တာ ထိပ်ဆုံးက သူတို့လုပ်နေကြတာပဲ။ မင်းအောင်လှိုင်ဆို အဆိုးဆုံး။ အားလုံးက ထောင်တသက်တကျွန်း တရားဥပဒေအရ အမြင့်ဆုံးအပြစ်ဒဏ်ခံရမယ့်သူတွေ အကုန်လုံးပဲ"ဟု ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အထူးယုံကြည်စိတ်ချရသူဖြစ်ပြီး ဗိုလ်မှူးချုပ် ရန်နောင်စိုးမှာ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ ညာလက်ရုံးဖြစ်သည်ဟု သိရသည်။

သူတို့နှစ်ဦးသည် စက်တင်ဘာလတွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းကို ရှေ့ဆင့်နောက်ဆင့် ခံခဲ့ရပြီး အဂတိလိုက်စားမှုစွပ်စွဲချက်များနှင့် စစ်ဆေးခံခဲ့ရသူတို့ဖြစ်သည်။ (NN-11)

ဆက်စပ် သတင်းများ