အင်္ဂါ၊ ဇူလိုင်လ ၉ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ ဇီဝမှတ်တမ်း(ခေါ် )Bio metric Data ကောက်ယူမှုကို စစ်တွေတွင်စတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

စစ်ကောင်စီ၏ အစီအစဉ် တစ်ခုဖြစ်သည့်  ဇီဝမှတ်တမ်း(ခေါ်) Bio metric Data ကောက်ယူမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အောက်တိုဘာလ ၂၃ ရက်နေ့က စစ်တွေမြို့ ပြည်နယ်လဝက ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ကောက်ခံမှုမှာ Smart Card ထုတ်ပေးရန်နှင့် နိုင်ငံသား ဟုတ်-မဟုတ်ကို ခွဲခြားနိုင်ရန် အတွက်ဖြစ်သည်ဟု ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သူ့လူမှုကွန်ရက် စာမျက်နှာတွင်ရေးသားထားသည်။

“နိုင်ငံသား စိစစ်ရေးကဒ်ထဲက လူနှင့် ကိုင်ဆောင်သူ တစ်ထပ်တည်းမကျတာတွေ ရှိပါတယ်။ နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသားစိစစ်ရေးကဒ် မသမာနည်းနဲ့ ကိုင်တာတွေရှိပါတယ်။ စာရင်းကောက်ထားတာက ကွန်ပျူတာစနစ် အခြေခံထားတော့ ဘယ်အရပ်ရောက်ရောက် Face ID ကြည့်လိုက်တာနဲ့ ဒီလူက အမှန်တကယ် နိုင်ငံသား ဟုတ် မဟုတ် ခွဲခြားနိုင်ပါတယ်”ဟု ဆိုထားသည်။

 

ရခိုင်ရှိ အခြားမြို့များတွင်လည်း မကြာမီ ဆက်လက်ကောက်ယူသွားမည်ဟု သိရသည်။

ဇီဝမှတ်တမ်းကောက်ယူခြင်းမှာ မျက်နှာပုံရိပ်နှင့် လက်ဗွေရာများကို ထည့်သွင်းကောက်ခံထားသည့်အတွက် စစ်ကောင် စီက သူတို့အား ဆန့်ကျင်သူများကို အလွယ်တကူ ရှာဖွေနိုင်ရန် ကောက်ယူခြင်းဖြစ်သည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ် နေသည်။

ယခုကောက်ခံမှုနှင့်ပတ်သက်ပြီး စစ်တွေမြို့တွင် ပြည်သူအများကို အသိပေး ပြောဆိုမှု မရှိသေးကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

“ရပ်ကွက်တွေထဲမှာတော့ အဲလိုမျိုးကောက်မယ်ဆိုပြီး အသိပေးပြောဆိုတာတော့ မရှိသေးဘူ။ ဒီနေ့ ကောက်တယ်ဆိုတာကလည်း သူတို့ဝန်ထမ်းတွေကို ကောက်ယူတာဖြစ်နိုင်ပါတယ်။ ဒီလိုကောက်ယူမယ်ဆိုတာနဲ့ ပတ်သက်ပြီး သိထားတာတော့ တခုမှ ဘာမှမရှိဘူး”ဟု ပြောသည်။

ဇီဝမှတ်တမ်းကောက်ယူမှုအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်ကိုသိရအောင် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုမှုမရှိခဲ့ပေ။

နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်များကို Smart Card (E-ID) အဖြစ် ပြောင်းလဲမည်ဟုဆိုကာ စစ်ကောင်စီက မြန်မာနိုင်ငံရှိ မြို့နယ်တချို့တွင်လည်း မကြာသေးမီကလည်း ယခုကဲ့သို့ ဇီဝမှတ်တမ်း ကောက်ယူမှုများ ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်မှစပြီး ဇီဝမှတ်တမ်းကောက်ယူရန် တရုတ်နည်းပညာ အကူအညီဖြင့် စစ်ကောင်စီက စီစဉ်လာခြင်းဖြစ်သည်။

ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းမှာ နိုင်ငံသားအမျိုးစားများခွဲခြားပြီး ID ကတ်ပေးရန် စီစဉ်သည့် လုပ်ငန်းဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောဆိုထားသည်။

“ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းသည် အဓိကကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး (၁၀)နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) ဖြင့် ခွင့်ပြုသူ၊ အမြဲနေ အခွန်ဆောင် နိုင်ငံခြားသားတို့၏ Biographic Data နှင့် Bio metric Data များ ကောက်ယူ၍ ဂဏန်း (၁၀)လုံး ပါ၀င်သည့် Unique ID နံပါတ် သတ်မှတ်ပြီး မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဖြစ်သည်”ဟု ဆိုသည်။

E-ID စနစ်ကို အကောင်အထည် ဖော်ခြင်းအားဖြင့် နိုင်ငံအတွက် လိုအပ်သည့်အချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်ပြီး နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီး သန်း ခေါင်စာရင်းကောက်ယူရာတွင် အထောက်အကူပြုနိုင်မည်ဟုလည်း National Database စနစ်တည် ဆောက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ၊ စစ်ကောင်စီ ဒု-ဥက္ကဋ္ဌဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုထားသည်။ (NN-14)

Photo - သိကြားစေချင် ငွေသဇင်

ဆက်စပ် သတင်းများ