တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က ပစ်ခတ်သောလက်နက်ကြီးကျည် တရုတ်နိုင်ငံထဲကျ၍ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် တရုတ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲ၍ တရုတ်နိုင်ငံသား (၁) ဦး သေဆုံးခဲ့ပြီး (၂) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့ ( MNDAA, TLA, AA)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာတွင် လိုင်ဇာမြို့နှင့်ကပ်လျက် တရုတ်ပြည်နယ်စပ်မြို့သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာမှ  ထိုသို့ သေဆုံး၊ ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ကချင်သတင်းဌာန KNG က သတင်းဖော်ပြရာတွင် နိုဝင်ဘာ ၄ ရက် နံနက် ၁၀ နာရီခွဲမှ စပြီး စစ်တပ်က  လိုင်ဇာမြို့ဘက်ကို ဦးတည်ပြီးလက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေရာကနေ တရုတ်ဘက်ခြမ်းကို လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု  ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ခယာဘွမ်(Hkaya Bum) ၊ ဖွန်းပျန်ဘွမ်(Hpun hpyen bum) ၊ ခန်းကိုင် (Hkangkai Bum) နဲ့ ဘွမ်ရဲဘွမ်(Bumre bum) စသည့် တောင်ကုန်းပေါ်က‌နေ လက်နက်ကြီးဖြင့် လှမ်းပစ်‌နေခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က တုံ့ပြန်မှုကို မသိရှိရသေးပါ။

တရုတ်အစိုးရသည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအား ရပ်စဲကြရန် အောက်တိုဘာ ၃၁ ရက်နေ့က တစ်ကြိမ်၊ နိုဝင်ဘာ ၂ ရက်နေ့က တစ်ကြိမ် တိုက်တွန်းခဲ့သည်။

နိုဝင်ဘာ ၂ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက ရှမ်းမြောက်တွင် ဖြစ်နေသည့် စစ်ပွဲကို ချက်ချင်း ရပ်စဲရန် သက်ဆိုင်ရာ အဖွဲ့များအားလုံးကို တရုတ်က တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

 

Photo by KNG

ဆက်စပ် သတင်းများ