တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

“စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အပြင်းထန်ဆုံး ထိုးစစ်နှင့်ရင်ဆိုင်နေရပြီ”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.1k

မြန်မာပြည်ကြီး အစိတ်စိတ်အမြွာမြွာ ကွဲသွားနိုင်သည်ဟု စစ်ကောင်စီယာယီသမ္မတ ဦးမြင့်ဆွေ သတိပေးပြောကြားခဲ့မှု CNA သတင်းတွင် အသားပေးဖော်ပြထား  

မြန်မာစစ်ကောင်စီ၏ ယာယီသမ္မတ ဦးမြင့်ဆွေက မကြာမီက ပေါ်ပေါက်ခဲ့သည့် နယ်မြေသိမ်း တိုက်ပွဲများကြောင့် မြန်မာပြည်ကြီး အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားနိုင်သည်ဟု သတိပေးပြောကြားလိုက်သည်ဟု  Channel News Asia (CNA) က ရေးသားဖော်ကြသည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ခဲ့သော TNLA, MNDAA, AA တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သုံးဖွဲ့ နှင့် PDF ပူးပေါင်းအဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အဓိကကျသော ချင်းရွှေဟော် အပါအဝင် မြို့နယ်အချို့ကို စစ်ကောင်စီက လက်လွှတ်ခဲ့ရပြီးနောက် ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာလ (၈)ရက်နေ့က ပြုလုပ်ခဲ့ရသည်။

ယခုပြုလုပ်သော ကာလုံအစည်းအဝေးမှာ ပုံမှန် ၆ လတစ်ကြိမ် အာဏာသက်တမ်းတိုးစဉ် ပြုလုပ်သော အစည်းအဝေး မဟုတ်ဘဲ ရှမ်းပြည်နယ်မြောက်ပိုင်း အရေးကြီးနေရာများ ဆုံးရှုံးနေရခြင်း၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့်မြို့များတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ပျက်စီးသွားရခြင်း၊ တပ်မမှူးအဆင့်ရှိ အရာရှိတစ်ဦးအပါအဝင် ရဲများ စစ်သားများ အသက်ဆုံးရှုံးနေရခြင်းကြောင့် မရှူနိုင် မကယ်နိုင်ဖြစ်ပြီး ကျင်းပခဲ့ရသောအစည်းအဝေးဖြစ်သည်ဟု ဆိုသည်။


အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ အပါအဝင် မရှိတော့ပြီဖြစ်သည့် ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးတီခွန်မြတ်၊ ဒုသမ္မတဟောင်း ဟင်နရီဗန်ထီးယူတို့ကို ဟန်ပြတက်ရောက်စေခဲ့သော အဆိုပါအစည်းအဝေးတွင် ယာယီသမ္မတ ဦးမြင့်ဆွေက ယခုအခြေအနေမှာ နိုင်ငံအစိတ်စိတ် အမြွာမြွာ ပြိုကွဲသွားနိုင်ခြေရှိပြီး ထိုသို့မဖြစ်အောင် တပ်မတော်ကို ပြည်သူက ထောက်ခံမှု ရရှိဖို့လိုကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းမြောက် ကိုးကန့်ဒေသတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများသည် ကိုးကန့်ခေါင်းဆောင် အချင်းချင်း မူးယစ်ဆေးဝါး နှင့် တရားမဝင် စီးပွါးရေးလုပ်ငန်းများ ထိန်းချုပ်ရန်ကြိုးစားမှုသာဖြစ်ကြောင်း ၊ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များသည် တရုတ်နိုင်ငံလုပ် ဒရုန်းဗုံးများ အသုံးပြုသည်ကို တွေ့ရကြောင်း ပြောကြားခဲ့သည်။

လက်လွှတ်ဆုံးရှုံးရသော နယ်မြေအချို့ ပြန်ရသည် အစည်းအဝေးတွင် ပြောကြားခဲ့သော်လည်း နိုဝင်ဘာ ၉ ရက်တွင် မြောက်ပိုင်းလက်နက်ကိုင် အုပ်စုများက အဓိကကျသော ကွမ်းလုံမြို့ကို ထိန်းချုပ်ထားပြီဟု ကြေညာခဲ့သည်။

နှစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးမှာ ယခုချိန်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွါးနေဆဲဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အပြင်းထန်ဆုံး ထိုးစစ်နှင့် ရင်ဆိုင်နေရပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းမြောက်ပိုင်းတို့တွင်လည်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ ခုခံတော်လှန်မှုကို စစ်မျက်နှာပေါင်းစုံမှ ရင်ဆိုင်နေရသည်ဟု သတင်းတွင် ဖော်ပြထားသည်။ NN-27

 

 ref:CNA

 

ဆက်စပ် သတင်းများ