တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

ရခိုင်စစ်ပွဲ တစ်ရက်အတွင်း စစ်ကောင်စီက စခန်းပေါင်း (၄၀) ခန့် စွန့်လွှတ်ခဲ့ရ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.8k

(စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးပြီး AA ဘက်မှ ၆ ဦးကျဆုံး)


စစ်ကောင်စီသည် ယမန်နေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ တစ်ရက်တည်းအတွင်း ၊ နယ်ခြားစောင့်တပ်စခန်းနှင့် ၊ ရဲစခန်း အပါအဝင် စခန်းပေါင်း (၄၀) နီးပါးကို စွန့်လွှတ်ခဲ့ရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) က ယနေ့ နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ယင်းသို့ စခန်းစွန့်ပြီး စစ်ကောင်စီတပ်သားများသည် နီးစပ်ရာ စစ်စခန်းများတွင် လည်းကောင်း၊ ရဲစခန်း(၃) ခုအား တစ်ခုအဖြစ်စုပေါင်း၍လည်းကောင်း သွားရောက်ပူးပေါင်း သွားကြသည်ကိုတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ကြည်း-၄၁၅၉၇ ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး) ၊ ကြည်း-၅၀၇၃၂ ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် (တပ်စုမှူး) တို့အပါအဝင် စုစုပေါင်း (၁၀) ဦးအား စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

ယမန်နေ့နိုဝင်ဘာလ (၁၃) ရက်တွင် ရက္ခိုင်ဒေသ၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်ရှိ နေရာ (၅) ခု တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြား စောင့်တပ်စခန်းအား ၄င်းနေ့ရက်၌ပင် သိမ်းပိုက်ရရှိခဲ့ကာ ချိန်ခါလီနယ်ခြားစောင့် တပ်စခန်းအား  ယနေ့ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၇) နာရီခွဲတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ 

၄င်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ မျက်မြင် (၁၀) ဦးကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ တချို့လည်းရှိခဲ့ကြောင်း သိရသည်။ 

ထို့အတူ စစ်ကောင်စီ၏ ခလရ (၂၃၂) တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော မောင်တောမြို့ မြောက်ပိုင်း၊ သင်္ဘောလှရွာ အနီးတိုက်ပွဲတွင်လည်း သုံ့ပန်းတစ်ဦးအပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိပြီး ရန်သူ့ဖက်မှ ဒုစစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် (၁၄) ဦးခန့် ကျဆုံးခဲ့ကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်များအားလုံးအား နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရသည်။ 


ULA/AA အနေဖြင့် လက်နက်ချအညံ့မခံသော သူများကို ဆက်လက်တိုက်ခိုက် သွားမည်ဟု ဆိုထားသည်။ 

ယမန်နေ့တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော် (၆) ဦးအသက်ပေးဆပ်စွန့်လွှတ်ခဲ့ရကြောင်းလည်း ဖော်ပြသည်။ 

ယမန်နေ့ နိုဝင်ဘာလ (၁၃) ရက်တွင်ပင် ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ လက်အောက်ခံ “အပေါက်ဝရဲစခန်း” မှ ရဲတပ်ဖွဲ့ ဝင်(၂၂) ယောက်စလုံးသည် ရက္ခိုင့်တပ်တော် (AA) ထံသို့ လက်နက်များနှင့် အတူ အသာတကြည် လက်နက်ချအလင်းဝင်လာခဲ့ပြီး အခြားသောနေရာ ၂ ခုမှလည်း နောက်ထပ်ရဲ (၆)ဦးတို့သည်လည်း လက်နက်နှင့်တကွ လက်နက်ချအလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။ 


AAထံဆက်သွယ်လာပြီး လက်နက်ချအလင်းဝင်ရောက်ကြမည့်သူများကို ဆက်လက် ကြိုဆိုလက်ခံသွားမည်ဟု ဆိုထားသည်။ 

စစ်ကောင်စီသည် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြိုနယ်များတွင် ULA/AA နှင့် ဆက်စပ် ပတ်သက်သည်ဟူသော သံသယ၊ စွပ်စွဲချက်များဖြင့် အရပ်သားပြည်သူများအား ပစ်မှတ်ထား လိုက်လံ ရှာဖွေဖမ်းဆီးနေခြင်းများ ဆက်တိုက်ပြုလုပ်လာနေသည်ကို တွေ့ရှိရကြောင့် ဖော်ပြထားသည်။ (NN-7)

ဓာတ်ပုံ - ULA/AA

 

ဆက်စပ် သတင်းများ