တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တွင် ငါးဖမ်းခွင့်နှင့် ရေယာဉ်များသွားလာခွင့်၊ ကမ်းကပ်ခွင့် စစ်ကောင်စီ ပိတ်ပင်တားမြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

တရုတ်စီမံကိန်းများနှင့် စစ်ကောင်စီ၏ ဓည၀တီ ရေတပ်စခန်း အခြေစိုက်စခန်းရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ပင်လယ်မြစ်ချောင်း တစ်လျှောက်ငါးဖမ်းခွင့်၊ ရေယာဉ်များ သွားလာခွင့်ကို ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် စစ်ကောင်စီက ပိတ်ပင်တားမြစ်လိုက်သည်။

၎င်းတားမြစ်မိန့်ကို  လတ်တလောအခြေအနေအရ ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက်ဟုဆိုကာ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး မျိုးမင်းထွဏ်းက ကျောက်ဖြူမြို့ ဒေသန္တရအမိန့်ဟု ဆိုကာ ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် လက်မှတ်ထိုး ထုတ်ပြန်သည်။

ထိုသို့ထုတ်ပြန်ရာ၌ ကျောက်ဖြူမြို့နယ်အတွင်း မြို့နယ်/ မြို့နှင့်ထိစပ်နေသော ပင်လယ်/ မြစ်ကမ်း တစ်လျှောက်(လိပ်ခမော်ကျေးရွာအုပ်စု၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ နတ်ကျောက်ကမ်းခြေ၊ ဆိတ်ကျွန်း၊ သာဿနာ ၂၅၀၀ ကမ်းခြေ၊ စေတီရပ်ကွက်၊ အစိုးရရပ်ကွက်၊ သန်ပန်ချောင်းရပ်ကွက်၊ မြစ်နားတန်း ရပ်ကွက်၊ ကုလားပိုက်ဆိပ်ရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက်၊ ကညင်တောရပ်ကွက်၊ ငလပွေ့ရပ်ကွက်၊ အုန်းချောင်း/ ငလပွေ့ချောင်း၊ စိုင်ခြုံကျေးရွာအုပ်စု၊ အောင်စေတီရွာ၊ ကပ်သပြေကျေးရွာအုပ်စု၊ ကန္ဒီး ကျေးရွာအုပ်စု၊ မြို့နှင့်ထိစပ်နေသော ကမ်းခြေဒေသများ၊ သံဇစ်မြစ်အတွင်း)ရှိ ကမ်းခြေဒေသများ၊ ရေဒေသများ၊ ရေနယ်နိမိတ်များတွင် မည်သူမဆို အမိန့်တစ်စုံတစ်ရာမရရှိဘဲ(၂၄)နာရီ ကာလပတ်လုံး အောက်ဖော် ပြပါကိစ္စရပ်များအား ဆောင်ရွက်ခြင်းမပြုရန် ဤတားမြစ်မိန့်ကိုထုတ်ပြန်လိုက်သည်။


၎င်းတားမြစ်ချက်ထဲတွင် အချက် (၃) ချက်ပါဝင်ပြီး ၎င်းတို့မှာ

လက်လှေ ၊ ဟွန်ဒါစက်လှေ များသွားလာခြင်း၊ ငါးဖမ်းဆီးခြင်းမပြုလုပ်ရ။

လက်လှေ၊ ဟွန်ဒါစက်လှေ၊ စက်လှေ(ကြီး/ငယ်)၊ ကမ်းဝေး ငါးဖမ်းလှေများ ဖြတ်သန်း သွားလာခြင်း၊ ကမ်းကပ်ခြင်းမပြုလုပ်ရနှင့် 

ပင်လယ်မြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းနေရာများတွင် ဝိုင်းဖွဲ့ပြီး အရက်သေစာ သောက်စားခြင်း၊ ဝိုင်းဖွဲ့ပြီးသီးချင်းသီဆိုခြင်း၊ အော်ဟစ်ဆဲဆိုခြင်း၊ ခိုက်ရန်ဖြစ်ပွား ခြင်းမပြုလုပ်ရဟုပါရှိသည်။

၎င်းတားမြစ်အမိန့်ကို မပျက်မကွက် လိုက်နာဆောင်ရွက်ကြရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဟု ဖော်ပြထားသည်။

၎င်းအမိန့်ကြေညာချက်သည် ထုတ်ပြန်သည့်နေ့မှစ၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့ အထိအတည်ဖြစ်သည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ