တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

ပစ်ချခံခဲ့ရသည့် စစ်ကောင်စီ လေယာဉ်မှ လေယာဥ်မှူးတစ်ဦးကို ဖမ်းမိဟု NUG ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 5.2k

ပစ်ခတ်ခံရပြီးနောက် ပျက်ကျသွားခဲ့သည့် စစ်ကောင်စီ လေယာဉ်မှ လေယာဉ်မှူး နှစ်ဦးအနက် လေယာဉ်မှူး (၁) ဦးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်၊ နေ့လယ် (၂) နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

အပြစ်မဲ့ ပြည်သူလူထုအား ဗုံးကြဲ သတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး ခိုင်သန့်မိုး (စစ်တက္ကသိုလ် အပတ်စဥ် ၄၄) အား ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ နေပြည်တော် တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDF နှင့် KA တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်မှုကြောင့် ပျက်ကျ ခဲ့သည့် တရုတ်နိုင်ငံထုတ် K-8 အ​ပေါ့စားတိုက်​လေယာဉ်မှ လေယာဉ်မှူးနှစ်ဦးသည် လေထီးဖြင့် ခုန်ထွက်လျှက် ထွက်ပြေးပုန်းအောင်းနေခဲ့ရာမှ ဖမ်းဆီးမိခြင်းဖြစ်သည်။ 

 ၎င်းလေယာဉ်မှူးအား လုံခြုံရာသို့ ပို့ဆောင်ထားပြီဟု သိရသည်။

လေယာဥ်​မောင်း ၂ ဦး၏ လေထီးနှင့် အသုံးအ​ဆောင်အချို့ကို ကရင်နီတပ်ပေါင်းစုက နိုဝင်ဘာ ၁၁ ရက်တွင်​တွေ့ရှိခဲ့ပြီးနောက် ပိတ်စိပ်တိုက် ရှာဖွေမှုများပြုလုပ်နေစဉ် ပထမလေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

စစ်ကောင်စီ ​ပြော​ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်​ဇော်မင်းထွန်းကမူ ​၎င်းလေယာဉ်မှာ လေကျင့်ရေး လေယာဉ်ဖြစ်ပြီး ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့်သာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းပြောဆိုထားသည်။(NN-30)


ဆက်စပ် သတင်းများ