တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

စစ်တွေမြို့ရှိ သုံးလွှာအထက် အထပ်မြင့်အဆောက်အဦများတွင် စစ်တပ်ကနေရာယူမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.5k

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ အထပ်မြင့်အဆောက်အဦများတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူရန် ပြင်ဆင်နေကြောင်း ဒေသခံများကပြောသည်။

စစ်တွေမြို့ရှိ အချက်အချာကျသော နေရာများဖြစ်သည့် လမ်းမကြီး၊ ကိုးရီးယားဆိပ်ကမ်း၊ မိဇံရပ်ကွက်၊ ရွှေပြားဈေးနှင့် လူသွားလူလားများသည့် နေရာများအနီးက အထပ်မြင့်တိုက်များတွင် စစ်ကောင်စီက ဝင်ရောက်နေရာယူရန် ရပ်ကွက်အုပ်ချုပ်မှူးများမှ တဆင့်ပြောဆိုလာမှုများ ရှိသည်ဟု ဒေသခံများကပြောသည်။

စစ်တွေဒေသခံတစ်ဦးက " မနေ့ မနက်က အုပ်ချုပ်ရေးမှူးလာပြောတာ။ အထပ်မြင့်တိုက်တွေမှာ စစ်သားတွေ ထားဖို့ဆိုပြီးတော့။ အိမ်နားက အထပ်မြင့်တိုက်က အိမ်ရှင်တွေကတော့ ရပ်ကွက်လူကြီးနဲ့ဆွေးနွေးကြတယ်" ဟုပြောသည်။

နောက်ထပ် စစ်တွေဒေသခံတစ်ဦးက "အခုတောင် အထပ်မြင့်ဟိုတယ်တွေမှာ စစ်သားတွေ ရောက်နေပြီလို့တော့ကြားတယ်။ နှစ်ထပ်၊ သုံးထပ်တွေမပါဘူး။ ငါးထပ်၊ ခြောက်ထပ်တွေပဲလို့ ပြောကြတယ်" ဟုပြောသည်။

စစ်ကောင်စီက နေရာယူရန်ပြင်ဆင်နေသည့် ၃ လွှာအထက် အထပ်မြင့်တိုက်များအထဲတွင် ဟိုတယ်၊ မိုတယ်များ၊ စျေးဝယ်စင်တာများ၊ သင်တန်းကျောင်းများလည်း ပါဝင်ကြောင်း သိရသည်။

စစ်တွေမြို့ထဲရှိ  သုံးလွှာထက် အထက် အထပ်မြင့်အဆောက်ဦများ၏ အထက်ဆုံး အလွှာတွင် စစ်ကောင်စီ တပ်သားများနေထိုင်မည် ဖြစ်ကြောင်းကို ပြည်နယ်စစ်ကောင်စီနှင့် အကြမ်းဖက် စစ်တပ်တာဝန်ရှိသူများက မကြာခင်က  အဆောက်အဦပိုင်ရှင်များကို အစည်းအဝေးခေါ်ယူပြီး သတိပေးထားကြောင်းလည်း ခိုင်မာသည့် သတင်းရင်းမြစ်များအရ သိရသည်

ယခုကဲ့သို့ စစ်တွေရှိ အဆင့်မြင့်အဆောက်အဦများတွင် စစ်ကောင်စီတပ်က နေရာယူရန်စီစဉ်လာခြင်းမှာ ရက္ခိုင်တပ်တော်မှ မြို့သိမ်း တိုက်ပွဲဆင်နွှဲလာပါက ပြည်သူများကို လူသားဒိုင်ကာလုပ်ပြီး ခုခံရန်အတွက် ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုမှုများလည်းရှိနေသည်။

အဆိုပါအထပ်မြင့်တိုက်များပေါ်၌ စစ်ကောင်စီ တပ်သားများ ဝင်ရောက်ယူမည့်ကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်အား နိရဉ္စရာက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါ။

ပြည်နယ်စစ်ကောင်စီသည် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးစိုက်ရာ အနီးအနားရှိလမ်းများကို ပိတ်ဆို့ထားပြီး လုံခြုံရေးများတင်းကျပ်ထားသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေသို့ ရောက်ရှိခဲ့သည့် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လတို့ကလည်း စစ်တွေမြို့ လောကာနန္ဒာအနီးအနားက အထပ်မြင့်တိုက်များတွင် စစ်ကောင်စီ စနှိုက်ပါ တပ်ဖွဲ့ဝင်များက တိုက်ခေါင်မိုးများပေါ်တွင် နေရာယူထားခဲ့သည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့ တကျော့ပြန် တိုက်ပွဲသည်  နိုဝင်ဘာလ ၁၃ ရက်က စတင်ခဲ့ပြီးနောက် လက်ရှိ ရခိုင်တွင် စစ်ရေးအရှိန်မြင့်တက်နေကာ ရက္ခိုင်တပ်တော်က မြို့ပေါ် ရဲစခန်းတစ်ခုဖြစ်သော ပေါက်တောမြို့ ရဲစခန်းကို ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်သိမ်းပိုက်ပြီး အချိန်အနည်းငယ်ကြာ ထိန်းထားခဲ့သည်။

၎င်းနောက် အကြမ်းဖက် စစ်ကောင်စီတပ်သည် ပေါက်တောမြို့ကို ကြည်းရေလေ ပူးပေါင်းကာ ပြန်လည်သိမ်းပိုက်ကာ အရပ်သားများအား သတ်ဖြတ်ခြင်း၊ လူသားဒိုင်ကာ ပြုရန် ဖမ်းဆီးထိန်းသိမ်ထားခြင်းများကို ပြုလုပ်ခဲ့သည်။

၎င်းပြင် စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ပိတ်ဆို့ ဖြတ်တောက်ထားပြီး ရခိုင်လူထုအတွင်း အငတ်ဘေးကျရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။  (NN-8)

ဆက်စပ် သတင်းများ