တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီက လမ်းပိတ်ထားမှုကြောင့် ကျောက်ဖြူတွင် ဆန်ပြတ်လတ်ပြီး လက်လုပ်လက်စားများ ဆန်ကွဲကို ကျိုသောက်နေရပြီဟုဆို


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.5k

အကြမ်းဖက် စစ်ကောင်စီက ရခိုင်တစ်ပြည်လုံးအနှံ့ ကုန်းလမ်းနှင့်ရေလမ်းတို့ကို ပိတ်ဆို့ပြီး ပြည်သူများအပေါ် ဖြတ် (၄) ဖြတ် လုပ်ထားမှုကြောင့် ကျောက်ဖြူမြို့တွင် ဆန်ပြတ်လတ်ပြီး ဆန်ကွဲကို ကျိုချက်စားသောက်နေရပြီဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့ရှိ ဆားပြင်ကွင်းရပ်ကွက်နှင့် ငလပွေ့ရွာရှိ ငါးကန်အနီး၌ နေထိုင်သည့် ဒေသခံများမှာ ဆင်းရဲပင်ပန်းကြပြီး ဆန်စျေးနှုန်းများ မြင့်တက်နေသလို ဆန်ရှားပါးနေ၍ ဆန်ကွဲကိုပင် ကျိုချက်စားသောက် နေကြရသည်ဟုလည်း မြို့ခံတစ်ဦးက ပြောသည်။

“ဆန်ဆိုင်တွေမှာရှိတဲ့ ဆန်ကွဲ၊ နောက်လူတွေမှာရှိတဲ့ ဆန်ကွဲတွေ ရှာကြံပြီး စားသောက်ရတယ်။ တချို့တွေဆိုရင် ရခိုင်မုန့်တီလုပ်ထားတဲ့ ဆန်တွေကိုတောင် စားနေရတယ်။ အရေးကြီးတာက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အာဟာရ ပြတ်လာမှာပေါ့” ဟုပြောသည်။

ကျောက်ဖြူတွင် ယခင်က ဆန်တစ်အိတ်ကို ကျပ်ငွေ ၆ သောင်းခန့်ရှိပြီး လက်ရှိတွင် ကျပ် ၁၃၀၀၀၀ ခန့်အထိရှိ‌နေသော်လည်း ဝယ်ယူရန် အလွန်တရာ ခက်ခဲနေကြောင်း မြို့ခံများက ပြောသည်။

မြို့ခံတစ်ဦးက “ဆန်ရောင်းဖို့လာတဲ့ ဘုတ်တချို့ကိုတောင်မှ နေဗီတွေက ရပ်ခိုင်းပြီးတော့ သူတို့ယူချင်ရာယူပြီး မြို့ကိုမဝင်ရဘဲ ပြန်လွှတ်လိုက်တယ် ဆိုတာမျိုးတွေလည်းရှိတယ်။ ဆန်က ဟိုအိမ်ဒီအိမ် ဆန်အိတ်ထမ်းလို့ သွားရင်တောင်မှ ဖမ်းတာကိုး။ ဆန်ကုန်သည်တွေကလည်း ဆန်ကို မရောင်းရဲတော့ဘူးပေါ့ ”ဟုပြောသည်။

ကျောက်ဖြူမြို့ကို ကုန်းလမ်းဖြင့် ဝင်ရောက်နိုင်သည့် ကျောက်ဖြူ-ရန်ကုန် ကားလမ်းရှိ ကျောက်တလုံးမြို့အဝင်ဂိတ်တွင် စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည့်အပြင် သံဇစ်မြစ်တွင်ရှိသည့် စစ်သင်္ဘောကလည်း ရေလမ်းကြောင်းကို တင်းကျပ်စွာ ပိတ်ပင်ထားသည်ဟုလည်း ဒေသခံများက ပြောသည်။

နောက်ထပ်မြို့ခံတစ်ဦးက “ဆန်ဝယ်ထားတဲ့ သူတချို့ရှိပေမဲ့ ရှိတဲ့သူဝယ်နိုင်တယ်။ လူတိုင်းဝယ်နိုင်တာမှ မဟုတ်တာ။ ဆန်ဝယ်ထားလိုက်တဲ့ သူတချို့က စျေးတွေတအားတင်ပြီး ရောင်းတာတွေလည်း ရှိတယ်။ ဆန်က ဝယ်ဖို့ဆိုရင် သူ့နည်းသူ့ဟန်နဲ့တော့ ရနိုင်ပေမဲ့ ဈေးအလွန်ကြီးနေတာတွေလည်း ရှိတယ် ” ဟုပြောသည်။

လက်ရှိတွင် ရခိုင်ပြည်၌ တကျော့ပြန်တိုက်ပွဲများစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ စစ်ကောင်စီက တစ်ပြည်လုံးအနှံ့ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထား၍ မြို့နယ်အချို့တွင် အငတ်ဘေးနှင့် ကြုံနေရသူများပင် ရှိလာနေသည်ဟုလည်း သိရသည်။ (NN-13)

ဆက်စပ် သတင်းများ