စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်လက်ချက်ကြောင့် ပြည်သူ လေးထောင်ကျော်သေဆုံးခဲ့ဟု AAPP ထုတ်ပြန်
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်လက်ချက်ကြောင့်
ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် အရပ်သားပြည်သူ စုစုပေါင်း (၄၀၅၆) ဦး
သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က
ထုတ်ပြန်သည်။
အဆိုပါသေဆုံးမှုများသည် ၂၀၂၁ ခုနှစ်၊
ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်အထိ လက်လှမ်းမီသမျှကောက်ခံထားသည့်
စာရင်းဖြစ်သည်ဟု ဆိုထားသည်။
ထို့အပြင် မတရားအာဏာသိမ်းမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ
စုစုပေါင်း (၂၄၇၄၀) ဦးရှိပြီး ယင်းအထဲမှ (၁၉၄၄၇) ဦးမှာ
ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၂၉၉) ဦးမှာ
ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး
အကျဉ်းထောင်အသီးသီးတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၃) ဦး ရှိပြီး
မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယင်းကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၆)
ဦး ရှိပြီး ဖမ်းဆီးခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသူ
ဦးရေမှာ (၅၂၉၃) ဦး ရှိသည်။
ယင်းအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့်
ရမ်းသမ်းပစ်ခတ်တိုက်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုတို့ကြောင့်
သေဆုံးသွားသည့် အရပ်သား ၈၀၂ ဦးအထိရှိသည်။
ယင်းအထဲတွင် နိုင်ငံတဝန်း စစ်ကောင်စီတပ်၏
လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်မှုများကြောင့် ၂၀၂၁ ခုနှစ်တွင် (၂၃) ဦး၊
၂၀၂၂ ခုနှစ်တွင် (၂၁၂) ဦးနှင့် ၂၀၂၃ ခုနှစ်တွင် (၁၉၉) ဦး စုစုပေါင်း (၄၃၄) ဦးတို့ သေဆုံးသွားကြောင်း
ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၁
ခုနှစ်တွင် (၂၁) ဦး၊
၂၀၂၂ ခုနှစ်တွင် (၇၈) ဦးနှင့် ၂၀၂၃ ခုနှစ်တွင် (၂၆၉) ဦး စုစုပေါင်း (၃၆၈)
ဦး သေဆုံးခဲ့ပြီး ယင်းအထဲ စစ်ကိုင်းတိုင်းတွင် (၂၄၆) ဦးဖြင့် သေဆုံးမှု
အများဆုံးဖြစ်သည်ဟု ဆိုသည်။
ယခု ကိန်းဂဏန်းအရေအတွက်များသည် လက်လှမ်းမီသမျှ
ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး
မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း
AAPP က
ဆိုထားသည်။
ယခုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး AAPP တာဝန်ရှိသူများထံ
ဖုန်းနှင့် Email တို့မှတဆင့်
ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောခွင့်ရသူ ပဒိုစောကလယ်စေးကမူ
ယခုကဲ့သို့ လူပေါင်း ၄၀၀၀ ကျော်အထိ သေဆုံးသွားခဲ့မှုမှာ စစ်တပ်အနေဖြင့်
စစ်ရာဇဝတ်မှုမြောက်သည့် ကျူးလွန်မှုမျိုးလုပ်ရန် ဝန်မလေးကြောင်း
ပြသနေသည်ဟု နိရဥ္စရာသို့ သုံးသပ်ပြောသည်။
"စစ်တပ်အနေနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှုမျိုးကို လုပ်ဖို့
သူတို့(စစ်တပ်)အတွက် ဝန်မလေးဘူးဆိုတာကို ပြသရာရောက်တယ်လို့ မြင်ပါတယ်" ဟု
ပြောသည်။
လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့်
အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်များ လှုပ်ရှားနေသည့် အရပ်ဒေသတို့တွင် စစ်ကောင်စီတပ်က
ထိုးစစ်ဆင်မှုများရှိနေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့
ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ (NN-9)