တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေရှိ မွတ်ဆလင်ဒုက္ခသည်စခန်းနှင့် ကျေးရွာများမှ လူပေါင်း ၃၅၀၀ ကျော် တတိယအကြိမ် စစ်မှုထမ်းရန် ဖိအားပေးခံနေရ (စစ်မှုထမ်း မွတ်ဆလင်များအား ထောက်ပံ့ရန် တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းစီ ကောက်ခံနေ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

သျှင်မင်းဇံ

နိရဉ္စရာ၊ ဧပြီ ၂၀/၂၀၂၄

ရခိုင်ပြည်မြို့တော် စစ်တွေမြို့နယ်တစ်ခုလုံးရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများနှင့် ဒါးပိုင်း၊ ဘုမေ၊ သက်ကယ်ပြင် နှင့် ဘောဒူဖ ကျေးရွာများရှိ

မွတ်ဆလင် ပေါင်း ၃၅၀၀ ကျော်ကို တတိယအကြိမ် အဖြစ် စစ်မှုထမ်းရန် စစ်ကောင်စီ ဖိအားပေးနေ ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဧပြီလ ဒုတိယအပတ်အတွင်းမှ စတင်၍ မွတ်ဆလင်ဒုက္ခသည် စခန်းများနှင့် သဲချောင်း၊ ဒါးပိုင်း၊ သက်ကယ်ပြင်(သက္ကေပြင်)နှင့် ဘောဒူဖ စသည့် ကျေးရွာများရှိ အမျိုးသားများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် သွားရောက် ဖိအားပေးခေါ်ဆောင် နေခြင်းဖြစ်သည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောသည်။

စစ်တွေမြို့နယ်ရှိ မွတ်ဆလင် ဒုက္ခသည်တစ်ဦးက  "အခုက စစ်တွေတစ်မြို့လုံးက လူ ၃၅၀၀ စစ်မှုထမ်းဖို့ ပေးရမယ်။ မပေးဘူးဆိုရင် ဒုက္ခသည်တွေကို ရိက္ခာတွေ ဖြတ်ပစ်မယ်။ လမ်းကြောင်းတွေကိုလည်း အားလုံး ပိတ်ပစ်မယ်။ အဲလို မွတ်ဆလင်တွေ အချင်းချင်း ခြိမ်းခြောက်ပြီး ခေါ်နေတာပါ" ဟု ပြောသည်။

ယင်းအပြင် စစ်မှုထမ်းခေါ်ဆောင်ခံရသူများအတွက် ထောက်ပံ့ငွေပေးရန် ကျေးရွာသားများထံမှ အတင်းအဓမ္မကောက်ခံနေကြောင်းလည်း သဲချောင်းကျေးရွာမှ အမျိုးသမီးကြီးတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

"ကျမတို့ အိမ်က တစ်သိန်းပေးလိုက်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်မှုထမ်းခေါ်လူမရှိလို့တဲ့" ဟု ပြောသည်။

အလားတူ သက်ကယ်ပြင်ကျေးရွာမှ စစ်မှုထမ်းရန် လူ ၃၀ ပေးလိုက်ရပြီး ၎င်းတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ၁၀ သိန်းစီပေးဆောင်ရမည်ဟုဆိုကာ လိုက်လံကောက်ခံနေကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

"စစ်ကောင်စီလက်အောက်ခံ မွတ်ဆလင်အုပ်ချုပ်ရေးမှူးတွေက တော်တော်ဆိုးနေပြီ။ အခုက တစ်အိမ် တစ်သိန်းစီကောက်တယ်။ ဒီမှာ အိမ်ခြေ ၅၀၀ လောက်ရှိတယ်။ ဒီလောက် အခက်အခဲအကျပ်အတည်းဖြစ်နေတာတောင် အားလုံးကို လိုက်တောင်းနေတယ်။ စစ်တပ်ကို သိန်း ၃၀၀ ရာပဲ ပေးရမှာ။ ကျန်တာတွေကို သူတွေ စားတာပေါ့" ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက်က စတင်အသက်သွင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိသာ အကျုံးဝင်သော်လည်း မွတ်ဆလင်ဒုက္ခသည် စခန်းတွင်မူ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ စစ်မှုထမ်းခြင်း ခေါ်ဆောင်ခံနေရကြောင်းသိရသည်။


ရခိုင်ပြည်ရှိ ဘင်္ဂလီများမှာ နိုင်ငံသားမဟုတ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် စုဆောင်းခြင်းမရှိဟု ဖေဖော်ဝါရီ ၂၈ ရက်ထုတ် စစ်ကောင်စီသတင်းစာများတွင် ရေးသားထားသော်လည်း လက်တွေ့မြေပြင်တွင် အတင်းအဓမ္မစုဆောင်းခံထားရသည့်သာမက ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံထားရကာ အာရက္ခတပ်တော်နှင့် ထိတွေ့တိုက်ပွဲအချို့တွင် သေဆုံးမှုများကို ပုံနှင့်တကွ အေအေက ထုတ်ပြန်ထားသည်။


လက်ရှိတွင် စစ်ကောင်စီက အတင်းအဓမ္မစစ်မှုထမ်းရန် စုဆောင်းခံထားရသည့် မွတ်ဆလင်စုစုပေါင်း ၅၀၀၀ ကျော်ခန့်ရှိနိုင်ပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ခံရသည့် မွတ်ဆလင် ၁၀၀ ခန့် သေဆုံးသွားပြီးဖြစ်သည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းများက ပြောဆိုထားသည်။

ဓာတ်ပုံ - အင်တာနက်

ဆက်စပ် သတင်းများ