တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို ဆင်နွှဲလိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအချက်အပါအဝင် အွန်လိုင်းလောင်းကစားများတွင် ပါဝင်နေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေးတို့အတွက် Operation 1027(၁၀၂၇ စစ်ဆင်ရေး)ကို ပူးပေါင်းဆင်နွှဲလိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် “မြန်မာပြည်သူ တစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစားလိမ်လည် ပပျောက်ရေး၊ Online Game (ကျဖျင်)ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် Operation 1027(၁ဝ၂၇ စစ်ဆင်ရေး)ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်”ဟု ဖော်ပြထားသည်။

“မိမိတို့ ညီနောင်မဟာမိတ်(၃)ဖွဲ့သည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ် မိမိခုခံကာကွယ်နိုင်ရေး၊ မိမိတို့ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့အဖွဲ့အစည်းများအပေါ် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှုရရှိနိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့သည် ဆယ်စုနှစ်နီးပါးကြာ နိုင်ငံရေးစားပွဲဝိုင်းတွင်သာမက စစ်မြေပြင်၌ပါ အသက်၊ သွေး၊ ချွေး ပေးဆပ်မှုများစွာဖြင့် စည်းစည်းလုံးလုံး အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသော စစ်ရေး၊ နိုင်ငံရေး ညီနောင်မဟာမိတ်များဖြစ်သည်ဟု ဆိုထားသည်။

မြန်မာ့တော်လှန်ရေးအပြောင်းအလဲ အချိုးအကွေ့ကာလများ၌ ညီနောင်မဟာမိတ်(၃)ဖွဲ့သည် အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတူညီသော နိုင်ငံရေး၊ စစ်ရေး စိန်ခေါ်မှုများကို ဆယ်စုနှစ်တစ်ခုနီးပါး အတူတကွ ခါးစည်းခံခဲ့ရသော်လည်း မယိမ်းမယိုင်သော ခံယူချက်၊ ဇွဲသတ္တိအပြည့်၊ သစ္စာရှိရှိ၊ ရဲရဲရင့်ရင့် ညီနောင်မဟာမိတ်ပီသစွာ ဖြတ်သန်းလျှောက်လှမ်း လာခဲ့ကြပြီး အတူတကွ တိုက်ပွဲဝင်နေဆဲဖြစ်သည့်အပြင် အနာဂတ်တွင်လည်း ဆက်လက်ပြီး လက်တွဲခိုင်မာစွာ ရပ်တည်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သော မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MMDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)တို့ ဖြစ်ကြသည်။

(NN-16)



ဆက်စပ် သတင်းများ