- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊အောက်တိုဘာ ၁၄ / ၂၀၂၄
ရခိုင်ပြည် အနောက်ဘက် အစွန်ဆုံး မောင်တောမြို့၊ နခခ(၅) တိုက်ပွဲမှာ အလွန်ပြင်းထန်နေပြီး စစ်ကောင်စီက Y-12 ဗုံးကြဲလေယာဉ်တစ်စင်းနှင့် ဂျက်တိုက်လေယာဉ် ၄ စင်းအထိအသုံးပြု တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။
နခခ (၅) နယ်ခြားစောင့်ဌာနချုပ်အား အာရက္ခတပ်တော် (AA) ယခုရက်ပိုင်းအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲမှာ အပြင်းအထန်ဆုံး အဆင့်သို့ ရောက်ရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။
ဒေသခံတစ်ဦးက " တစ်ကြိမ်ဆို ဂျက်နှစ်စင်းစီလာတယ်။ တိုက်ပွဲကတော်တော်လေပြင်းထန်နေတယ်။ နေ့ရော ညပါထိုးစစ်ဆင်တိုက်ခိုက်နေကြတယ်။ လက်နက်ကြီးတွေနဲ့ တစ်ညလုံးပစ်တယ်။ ဒီနေ့ မနက်လည်း ဆက်ပြီးအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်"ဟု ပြောကြားသည်။
ထိုသို့ တိုက်ပွဲပြင်းထန်နေသဖြင့် ယနေ့ အောက်တိုဘာ ၁၄ ရက် နံနက်၆ နာရီ ခွဲ မှ မနက် ၈ နာရီခွဲအထိ စစ်ကောင်စီလေတပ်မှ Y-12 ဖြင့် ဗုံးအလုံး၃၀ ကျော်ကြဲချခဲ့သည်ဟု ဆိုသည်။
၎င်းပြင် ဂျက်တိုက်လေယာဥ်၂ စင်းကလည်း နံနက် ၇ နာရီ ၄၅ မိနစ်တွင်တစ်ကြိမ်၊ နံနက် ၉ နာခွဲ၌ နောက်ထပ် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တစ်ကြိမ် ဗုံးကြဲချခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။
နောက်ထပ် ဒေသခံတစ်ဦးက "နခခ(၅)ပတ်ဝန်းကျင်၊ သုံးမိုင် နဲ့ လေးမိုင် ဝန်းကျင်ကို ဒီနေ့ မနက် ၆ နာရီခွဲမှာ Y-12 နဲ့ ဗုံးအတွဲလိုက် တွေကြဲချခဲ့တယ်။ တစ်တွဲမှာ ၅ လုံးစီချတာ။ အားလုံး ၆ ကြိမ် ကြဲချတယ်။အလုံး ၃၀ ကြဲချခဲ့တယ်။ Y-12နဲ့ ဗုံးကြဲပြီးတာနဲ့ ဂျက် ၂ စင်းနဲ့ ဗုံးလာကြဲတယ်။ နောက်ထက် ဂျက် ၂ စင်း ထပ်လာပြီးဗုံးချတယ်။ ဂျက် ၄ စင်းအထိဗုံးလာကြဲတယ်"ဟုပြောဆိုသည်။
အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁နာရီ ၃၀ ကျော် ၌လည်း ဂျက်တိုက်လေယာဉ်တစ်စီး ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို Y-12ဗုံးလေယာဉ်ဖြင့် နခခ(၅)အား လက်နက်နှင့် ရိက္ခာများအား လေထီးများဖြင့် ချပေးခဲ့သည်ဟု သိရသည်။
လက်ရှိ နခခ (၅) တိုက်ပွဲပြင်းထန်နေသဖြင့် အရပ်သားများအား တစ်ရွာနှင့် တစ်ရွာသွားလာခြင်းကို AA မှ ပိတ်ထားကြောင်း သိရသည်။
မောင်တောခရိုင်၌ တစ်ခုတည်းကျန်ရှိနေသည့် နခခ(၅)တပ်ရင်းအား AA လက်ထဲမကျစေရန် စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ခုခံနေ၍ စခန်းသိမ်းရန်မှာ ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။