ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် နှစ်လအတွင်း ရေနစ်သေဆုံးသူ ၃၃ ဦးရှိ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 5k

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လတို့အတွင်း ရေနစ်သေဆုံးသူ စုစုပေါင်း ၃၃ ဦးအထိ ရှိခဲ့သည်ဟု နိရဥ္စရာသတင်းဌာနက ကောက်ယူထားသည့်အချက်အလက်များအရ သိရသည်။

ယင်းအထဲတွင် သြဂုတ်လအတွင်း ရေနစ်သေဆုံးသူ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၅ ဦးရှိခဲ့ပြီး ဇူလိုင်လအတွင်းတွင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၃ ဦး၊ နှစ်လအတွင်း စုစုပေါင်း ၃၃ ဦးတို့ဖြစ်သည်။

အဆိုပါရေနစ်သေဆုံးသူများမှာ အသက်(၅)နှစ်မှ (၅)နှစ်အထက် ကလေးငယ်များ၊ သက်လတ်ပိုင်းအရွယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်။

ယခုရေနစ်သေဆုံးသူ အမျိုးသားအများစုမှာ ပိုက်ချ၊ ငါးရှာသွားရာမှ ရေနစ်သေဆုံးခဲ့သည်ကို အများအားဖြင့်တွေ့ရသည်။

အလားတူ ရေလမ်းကိုသာအဓိကအသုံးပြုကြရသည့် ဒေသများတွင် အမျိုးသမီးများမှာလည်း စက်လှေများဖြင့် မိုးကြီးလေကြီးထဲ ဈေးရောင်း၊ ဈေးဝယ်သွားရာ၌ စက်လှေနစ်မြုပ်၍ ရေနစ်သေဆုံးသည်ကို တွေ့ရသည်။

စစ်တွေမြို့ခံတစ်ဦးက "နယ်ဘက်တွေမှာက စားဝတ်နေရေးအတွက် ဈေးရောင်းဈေးဝယ်သွားတာ၊ ငါးဟင်းမရှိလို့ဆိုပြီး ငါးဖမ်း၊ ဖားရှာသွားရင်းရေနစ်သေဆုံးကြတာတွေများတယ်။ အဲ့ဒါကို ရေနစ် မသေဆုံးရအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ အသက်ကယ်အင်္ကျီတွေဝတ်ဆင်သွားဖို့လိုမယ်။ ကလေးတွေကိုပြောသလို ရေမကူးတတ်ရင် ရေထဲမဆင်းနဲ့လို့ပြောဖို့ကလည်း ခက်တယ်။ ဒါက စားဝတ်နေရေးအတွက်ရုန်းကန်နေကြတာဆိုတော့ ပြောဖို့ခက်ပါတယ်" ဟု ပြောသည်။

ယင်းအပြင် ရခိုင်တွင် ခရီးသွားလာရာ၌လည်း ရေလမ်းကြောင်းများကို အဓိက အားထားရသောကြောင့် နှစ်စဉ်နှစ်တိုင်း ရေနစ်သေဆုံးသူများစွာရှိနေပြီး ခရီးသွားလှေများ၊ မော်တော်ဘုတ်များ၊ အမြန်ရေယာဉ်များတွင် အသက်ကယ် အင်္ကျီအဆင်သင့် ယူဆောင်မှုမှာ အလွန်နည်းပါးနေသည်ကို တွေ့ရသည်ဟု ဒေသခံ ခရီးသွားများက ပြောသည်။

ယခုနှစ်လအတွင်း ရေနစ်သေဆုံးသွားသူများတွင် ကလေးသူငယ်များလည်း အများအပြားဝင်သည်။

ကလေးငယ်များရေနစ်သေဆုံးမှုမှာ အုပ်ထိန်းသူများတွင် များစွာတာဝန်ရှိပြီး မိမိကလေးများအား အသိပညာပေးခြင်းများနှင့် ရေကူးသင်တန်းများပေးထားရန်လိုအပ်လှသလို သေချာစောင့်ကြပ်ပေးရန်လည်း လိုအပ်လှသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောသည်။

"တစ်ချို့မိဘတွေက ကလေးကိုကျောင်းပို့လိုက်တယ်။ သူတို့က ဝမ်းရေးအတွက်ရုန်းကန်ကြရတယ်။ ကလေးတွေကို ဂရုမစိုက်အားကြဘူး။ ကလေးတွေဆိုတာက ကလေးသဘာဝကျောင်းဆင်း ကျောင်းပြန် ပုံစံမျိုးစုံနဲ့ ဆော့ကစားကြတာပဲ။ အဲ့ဒါတွေကို မိဘတွေက သေချာစောင့်ကြပ် ဂရုစိုက်ဖို့လိုပါတယ်။ ဘယ်လောက်ပဲ ရေကူးတတ်တဲ့ကလေးဖြစ်စေ။ ရေကူးရင်း ခြေကုန်လက်ပန်းကျတဲ့အချိန်ဆို ရေနစ်မှာပဲ။ ကလေးတွေအနေနဲ့လည်း မိဘအုပ်ထိန်းသူတွေရဲ့ စကားကိုလိုက်နာဖို့လိုပါမယ်" ဟု ပြောသည်။

သြဂုတ်လ ၃၁ ရက်၊ နေ့လယ်ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၈)အနီး စိုက်ပျိုးရေးခြံဝင်းအတွင်းရှိ ရေကန်တွင် ရေကူးရာမှ Grade – 6 ကျောင်းသားတစ်ဦး ရေနစ်မြုပ်သေဆုံးခဲ့သေးသည်။

အလားတူ သြဂုတ်လ ၃ဝ ရက်ကလည်း မင်းပြားမြို့နယ်၊ ကြောင်းရှည်ချောင်းကျေးရွာမှ Grade – 3 ကျောင်းသားတစ်ဦးသည် ဘောလုံးကစားရာမှ ဘတ်ဟိုးဖြင့်တူးထားသည့်ကျင်းထဲသို့ပြုတ်ကျကာ ရေနစ်သေဆုံးသွားခဲ့သည်ဟု သိရသည်။

ရခိုင်တွင် အဆိုပါနှစ်လအတွင်း သေဆုံးသူများတွင် သတင်းမီဒီယာများနှင့် လက်လှမ်းမမီသည့်ဒေသများမှ နောက်ထပ် ရေနစ်သေဆုံးသူများလည်း ရှိနေနိုင်သေးသည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ