သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

အမ်းတွင် စစ်ကောင်စီက လက်နက်ကြီးပစ်၍ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 896

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အလယ်ကျွန်းကျေးရွာထဲတွင် ကျရောက်ပေါက်ကွဲကာ ကျည်စထိမှန်၍ ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာအပြင်းထန်ရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာမှ ကိုမောင်ညွန့်အေး အသက်(၃၀)ကျော်ဖြစ်ပြီး ဝမ်းဗိုက်နှင့် နောက်ကျောတို့တွင် လက်နက်ကြီးကျည်စ နစ်ဝင်ဒဏ်ရာရရှိသွားကြောင်း ကျေးရွာသားများက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက်၊ နံနက်က
  စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၂ လုံးသည် အလယ်ကျွန်းကျေးရွာထဲကျရောက်ခဲ့ပြီး ယင်းအထဲမှ တစ်လုံးမှာ ပေါက်ကွဲခဲ့မှုကြောင့် ကျည်စထိမှန်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း အလယ်ကျွန်းကျေးရွာသားများက ပြောသည်။

"တစ်လုံးကမပေါက်ကွဲဘူး။ တစ်လုံးကအိမ်နှစ်လုံးကြားကျပြီးတော့ ပေါက်ကွဲတယ်။ အဲဒီအချိန် မောင်ညွန့်အေးက ရွာကလမ်းပေါ်မှာသွားနေတဲ့အချိန်ပါ။ လက်နက်ကြီးပစ်သံကြားတာနဲ့ သူကဝပ်နေလိုက်တာ။ ဝမ်းဗိုက်ဘေးသားတွေနဲ့ နောက်ကျောတွေမှာ ဒဏ်ရာရသွားတယ်" ဟု အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါလက်နက်ကြီးကျည်များကို ဂျိတ်ချောင်းနှင့် ကဇုကိုင်းကြား ကျွဲဟိန်းတောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

" သူတို့ နေ့ည လက်နက်ကြီးပစ်နေလို့ ရွာမှာရွာသားအများစုက ကြောက်လို့မနေကြတော့ဘူး။ တချို့ဘုန်းကြီးကျောင်းမှာခိုလှုံနေကြရတယ်" ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိသွားသူ ကိုမောင်ညွန့်အေးကို ဆေးကုသမှုခံယူနိုင်ရန် ဒါးလက်အုပ်စု၊ အောက်ရွာဘက်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလယ်ကျွန်းကျေးရွာတွင် အိမ်ခြေ ၂၄၀ ကျော်ရှိကြောင်း သိရသည်။
 

အဆိုပါရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်၊ ညဥ့် ၁၁ နာရီကလည်း စစ်ကောင်စီ၏ ကဇုကိုင်းဗျူဟာကုန်းက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ရွာထဲကျရောက်ပေါက်ကွဲမှုကြောင့် ၁ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ရွာသား ၆ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

အလားတူ ယင်းနေ့ညက အမ်းမြို့နယ်၊ သဲကမ်းထောင်းကျေးရွာမှ
 အမျိုးသမီးတစ်ဦးနှင့် သက်ကြီးပိုင်းတစ်ဦးတို့သည်လည်း စစ်ကောင်စီကပစ်လိုက်သည့် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည်။

ဆက်စပ် သတင်းများ