သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်တော်-ပလက်ဝ အစိုးရရေယာဉ် ခရီးသည်တစ်ဦးလျှင် ကျပ် ၁,၈ဝဝ ဖြင့် စတင်ပြေးဆွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.7k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၅/ ၂၀၂၁
ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့သို့ ရေနယား - ၁ အမည်ရှိ အစိုးရပိုင် ဇက်ရေယာဉ်သည် စတင်ပြေးဆွဲနေပြီဟု သိရသည်။
အဆိုပါရေယာဉ်သည် ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကျောက်တော်မှစတင်ကာ ကုလားတန်မြစ်ကြောင်းအတိုင်း ပြေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အရင်ကတော့ တစ်ပတ်ကိုတစ်ရက်ထွက်မယ်လို့၊ ဒါပေမဲ့ ကုန်ရရင်တော့ တစ်ပတ်ကို ၂ ရက်လောက်ထွက်မယ်ပေါ့နော်”ဟု ပြောသည်။
ယမန်နေ့က ထွက်ခွာသွားသည့်ခရီးစဉ်တွင် ခရီးသည် ၃၈ ဦးပါရှိပြီး ယနေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် ပလက်ဝမှအပြန်ခရီးစဉ်၌ ၄၂ ဦးပါရှိကြောင်း သိရသည်။
အဆိုပါခရီးစဉ်အတွင်း ခရီးသည်တစ်ဦး၏ ရေယာဉ်ခစီးနင်းခကို ကျပ် ၁,၈၀၀ သတ်မှတ်ထားပြီး ကုန်တစ်တန်လျှင် ကျပ် ၁၁,၂၀၀ ကောက်ခံနေသည်ဟုလည်း သိရသည်။
အဆိုပါခရီးစဉ်ကို တစ်ပတ်လျှင် ကျောက်တော်မှ သောကြာနေ့တွင်ထွက်ခွာပြီး စနေနေ့တွင် ပလက်ဝမှ ပြန်လည်ထွက်ခွာပြေးဆွဲနေခြင်းဖြစ်သည်။
လက်ရှိတွင် ကျောက်တော်မှ ပလက်ဝသို့ စက်လှေများဖြင့်သွားမည်ဆိုပါက ခရီးသည်တစ်ဦးလျှင် အသွား/အပြန် ကျပ် ၆ သောင်းခန့်ကုန်ကျနေသည့်အတွက် ယခုဇက်ရေယာဉ်ဖြင့်ပြေးဆွဲခြင်းမှာ ခရီးသည်များအတွက် အကုန်အကျ သက်သာစေသည်ဟုလည်း ဒေသခံများက ပြောသည်။
ပလက်ဝဒေသခံ ဦးတောင်ပန်းက “အခုက ၂ ထောင်လောက်လေးနဲ့ရောက်တယ်ဆိုတော့ အဆင်ပြေသွားတာပေါ့။ ဒါပေမဲ့ တပ်ဂိတ်တွေမှာ အရမ်းအစစ်ဆေးခံရတယ်လို့ ကြားတယ်” ဟုပြောသည်။
ကျောက်တော်-ပလက်ဝရေကြောင်းလမ်းတွင် လိုင်းဆွဲသည့်မော်တော်ဘုတ်များအား ပြီးခဲ့သည့် မေလ ၂၈ ရက်က ပလက်ဝမြို့တွင်း ပေါက်ကွဲမှု (၂) ကြိမ်ဖြစ်ပွားပြီးနောက် အာဏာပိုင်များက ကန့်သတ်ပိတ်ပင်ခဲ့ပြီးနောက် အစိုးရပိုင်ရေယာဉ် စတင်ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
-------------------

ဆက်စပ် သတင်းများ