စနေ၊ ဇွန်လ ၁ရက်၊ ၂၀၂၄

ရခိုင်နှင့် ဗမာပြည်မသို့ ဆက်သွယ်ထားသည့် လမ်းမကြီး ၃ခု ကို စစ်ကောင်စီပြန်ဖွင့်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 9.1k

သဉ္ဇာနွယ်/ နိရဉ္စရာ၊ မေ ၁၂/၂၀၂၄

ရခိုင်ပြည်နှင့် ဗမာပြည်မအကြား ရိုးမကို ဖြတ်သန်း ဖောက်လုပ်ထားသည့် လမ်းမကြီး ၃ခုကို စစ်ကောင်စီမှ ပြန်လည်ဖွင့်လှစ်ပေးလိုက်‌ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီပိတ်ထားသည့် အမ်း-ပဒါန်း-မင်းဘူးကားလမ်းကို ယမန်နေ့က ပြန်ဖွင့်လိုက်ပြီး အမ်းမြို့ပေါ်သို့ ကုန်ကားနှင့် အံစာတုံးဟုခေါ်သည့် လူစီးကားများလည်း ဝင်ရောက်‌လျက်ရှိသည်ဟု အမ်းမြို့မှအမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"  ကားသမားတွေကလည်း စစ်ကောင်စီနဲ့ ပေါင်းပြီး သွားလာကြတာ။ မနေ့ကလည်း ကုန်ကား ၆ စီးတွေဝင်တယ်။  စားနပ်ရိက္ခာပါတယ်။ဒီနေ့တောင် ကုန်ကားတွေထပ်လာနေတယ်ကြားတယ်။ သွားလာခွင့်ကို မြို့နယ်အုပ်ချုပ်ထုတ်ပြန်ထားတာတော့ မှန်တယ် " ဟု ပြောသည်။

အမ်း-ပဒါန်း-မင်းဘူးလမ်းကို ပြန်လည် အသုံးပြုခွင့်ပြုလိုက်ကြောင်းကို  အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် မေ ၁၀နေ့က  ထုတ်ပြန်လိုက်ပြီး နောက်တစ်နေ့တွင် ကုန်ကားများမှာ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဂွ-ငသိုင်းချောင်းလမ်းကိုလည်း ယမန်နေ့ ၁၁ရက်နေ့ကနေ တရားဝင်ဖြတ်သန်းခွင့်ပြုလိုက်ပြီး ဂွ- ရန်ကုန် ကိုလည်း တစ်ဦးကိုငွေကျပ် သုံး သောင်းခွဲ (၃၅၀၀၀)ဖြင့် ပြန်လည်ပြေးဆွဲနေပြီဟု ဂွမြို့ခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"   အရင်တုန်းကပိတ်ထား‌ပေမယ့်  မှောင်ခိုသွားကြတာ။ တစ်ယောက်ကို တစ်သိန်း‌ ကျော်ပေးရတယ်။ အခု ၃သောင်းခွဲ ။ ကားသမားတွေက သတ်မှတ်တဲ့ဈေးပါ သူတို့အစည်းအဝေးလုပ်ကြတယ်။ ကုန်ကားဆိုရင်ကုန်ကားအလျာက်ဈေး။  ဂိတ်တွေကလည်း သိပ်မစစ်ဘူး။ တစ်ခုရှိတာက ဂွရိုးမမှာ အခုတလော စစ်သားတွေအများကြီး စစ်ကြောင်းထိုးနေတာ တွေ့ရတယ်" ဟုပြောသည်။

တောင်ကုတ်-ပြည် လမ်းကို စစ်ကောင်စီမှတရားဝင် သွားလာခွင့် မပြုသေးသော်လည်း စစ်ကောင်စီ မယကမှ ထောက်ခံစာဖြင့်သွားလာခွင့်ပြုထားသည်ဟု  တောင်ကုတ်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

"  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်စပြီး ပိတ်ထားတာမှန်တယ်။ ဒါပေမယ့် စစ်ကောင်စီလမ်းကြောင်းကနေ သွားလာတာတွေတော့ရှိတယ်။ တရားဝင်မဟုတ်ပေမယ့် မြို့နယ်အုပ်မှူးလက်မှတ်နဲ့ စစ်ကောင်စီ ဗိုလ်မှူးလက်မှတ်ပါရင် သွားလာခွင့်ရှိတယ်။  မနေ့ကတော့ အဲ့ဒီလက်မှတ်ပါတဲ့ လူတွေတောင် ပြန်လာရတယ်။  ပြည်မဖက်ကိုသွားတဲ့ ကုန်ကား‌တွေကို ပြန်လွတ်လိုက်လို့ ပြန်လာကြတယ်။ ဒီနေ့လည်းမသွားဘူး။ နောက်တစ်ခုက သံတွဲ ရွှေလှေ- တောင်ကုတ်လမ်းလည်း ပိတ်ထားသေးတယ် " ဟုပြောသည်။

စစ်ကောင်စီသည် ရခိုင်နှင့်ပြည်မကို ဆက်သွယ်ထားသည့်လ ဂွ- ငသိုင်းချောင်းလမ်း၊ တောင်ကုတ်- ပန်းတောင်း (ပြည်) ကားလမ်း၊ အမ်းနှင့် မင်းဘူးကားလမ်းများကို  ရခိုင်တွင်တကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်ကနေ စတင်ပိတ်ထားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီသည် အမ်းမြို့နှင့် စစ်တွေအကြားရှိ ပြည်ထောင်စု ကားလမ်းကိုလည်း ပိတ်ထားဆဲဖြစ်ကြောင်းသိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ