သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်းပြားမြို့တွင် ညဉ့်အချိန် သေနတ်ပစ်ခံရ၍ မူဆလင် ၃ ဦး ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၆/ ၂ဝ၂ဝ

ညမထွက်ရ အမိန့်ထုတ်ထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ ညဉ့်အချိန် စက်လှေဖြင့် ဝင်လာသည့် မူဆလင်အမျိုးသား ၃ ဦးမှာ သေနတ်ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ အောက်တိုဘာ ၅ ရက်နေ့ ည ၁ဝ နာရီခွဲခန့်တွင် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်အနီးရှိ ဦးစိုးတင့်ချောင်းထဲသို့ စက်လှေဖြင့် ဝင်လာရာမှ သေနတ်ပစ်ခံရခြင်း ဖြစ်ကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“အဲဒီ မူဆလင် သုံးယောက်က ဘယ်ရွာကလာတာ၊ ဘယ်ကိုသွားတာဆိုတာလည်း မသိရဘူး။ အဲဒီတော့ သူတို့ သုံးယောက်ရဲ့ နာမည်ကိုလည်း မသိရသေးဘူးပေါ့။ ညဥ့်အချိန်မှာ သူတို့ စက်လှေနဲ့ ဦးစိုးတင့်ချောင်းက ဝင်လာတာပေါ့။ အဲဒီမှာ ညကင်းလှည့်တဲ့ စစ်သားတွေက အဲဒီ ဦးစိုးတင့် တံတားနားကနေ ပစ်လိုက်တာလို့ သိရပါတယ်။ သူတို့က မူဆလင်တွေဖြစ်တဲ့အတွက် မင်းပြားမှာ သင်္ဂြိုလ်လို့ဖြစ်မှာ မဟုတ်ဘူးပေါ့” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ အလောင်း ၃ လောင်းအား ယနေ့ ညဉ့် ၁ နာရီအချိန်ခန့်တွင် နာရေးကားဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့မှ ဒေသခံတစ်ဦးက “စစ်သားတွေက ညဘက်ဆိုရင် အဲဒီလို လျှောက်ပြီး မြို့ထဲမှာ သွားနေကြတာပေါ့။ အဲဒီမှာ အဲဒီ မူဆလင်တွေက စက်လှေနဲ့ ဝင်လာတာ အဲဒါကို သေနတ်နဲ့ လှမ်းပစ်လို့ သေသွားတာပါ။ အခုကတော့ ဆေးရုံမှာပါ အလောင်းတွေက။” ဟု နိရဥ္စရာသို့ ပြောသည်။

မင်းပြားမြို့နယ်အတွင်း ည ၉ နာရီမှ နံနက် ၅ နာရီအထိ ည မထွက်ရ အမိန့်ထုတ်ပြန်ထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့ နာရေးအသင်းမှ တာဝန်ရှိသူတစ်ဦးအား ယနေ့ နံနက် ၈ နာရီက နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ယင်း အလောင်းသုံးလောင်းအား မင်းပြားပြည်သူ့ဆေးရုံကြီးတွင် ရဲများနှင့် ဆရာဝန်များက စစ်ဆေးလျှက်ရှိကြောင်း ပြောသည်။

မင်းပြားမြို့မ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “ သေတာမှန်တယ်။ အဲဒီကိစ္စကို တပ်ကို မေးရဦးမယ်။ အခု သူတို့ သုံးယောက်ရဲ့ နာမည်ကိုတော့ မရသေးဘူး။ ကျွန်တော်တို့ ကိုယ်တိုင်တောင် မရသေးတာ။ ဘယ်ရွာကလဲဆိုတာကို စုံစမ်းတုန်းပဲ ရှိသေးတယ်။ ” ဟု ပြောသည်။

အသေးစိတ်အား သိလို၍ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ဆက်စပ် သတင်းများ