စနေ၊ အောက်တိုဘာလ ၁၉ရက်၊ ၂၀၂၄

စစ်နေဗီမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ မောင်တော ဒုညောင်ပင်ကြီး(မွတ်ဆလင်)ရွာတွင် ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၆ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 199

နောင်မင်းသူ၊ နိရဉ္စရာ၊‌အောက်တိုဘာ ‌၁၉ / ၂၀၂၄

ရခိုင်ပြည်၊မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူပင်လယ်ပြင် ရှိ စစ်နေဗီမှ အောက်တိုဘာ ၁၉ ရက် နံနက်အရုဏ် ၃ နာရီ၌ လက်နက်ကြီးပစ်ခတ်မူကြောင့်  ဒုညောင် ပင်ကြီး(မွတ်ဆလင်)ရွာတွင် ၂ လုံးကျရောက် ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီခဲ့ကာ ဒေသခံမွတ်ဆလင်အရပ်သား ၆ ဦး ဒဏ်ရာရသွားခဲ့ကြောင်းသိရသည်။

ဒေသခံတစ်ဦးက "ဒီနေ့မနက် အရုဏ် ၃ နာရီလောက်မှာ စစ်နေဗီက လက်နက်ကြီး ၄ လုံးပစ်တယ်။ ပစ်တဲ့အသံ၊ ကျပေါက်တဲ့ အသံကိုပါကြားနေတယ်။ ဒုညောင်ပင်ကြီးရွာ မှာ ၂ လုံးပြီးပေါက်ကွဲတယ်။ နေအိမ် တစ်လုံးမီးလောင်သွားတယ်။ လူ ၆ ယောက်ဒဏ်ရာရသွားတယ်။ မောင်တောမြို့က စစ်ဘေးလာရှောင်နေကြတဲ့ မွတ်ဆလင်တွေလို့ သိရတယ်"ဟု ပြောကြားသည်။


ဒဏ်ရာရသူများမှာ ဒုညောင်ပင်ကြီး (မွတ်ဆလင် )ကျေးရွာမှ အသက် ၄၂ နှစ် အရွယ် အေနာပိုလ်ဟာဆောင်အပါအဝင် မောင်တောမြို့၊ ကညင်တန်းရပ်ကွက်မှ ဒုညောင်ပင်းကြီးရွာတွင် စစ်ဘေးရှောင်နေသူများဖြစ်သည့် အသက် ၁၇ နှစ်အရွယ် ရာဘီယာ ဘော်ဆော်ရီ၊ အသက် ၆၅ နှစ်အရွယ် အမတ်ခေါ်ဘီရ်၊ အသက် ၃၄ နှစ်အရွယ် မာမတ်အီနစ်နှင့် အသက် ၂၉ နှစ်အရွယ် မာမတ်အယာစ်တို့ ဖြစ်သည်။

ဒုညောင်ပင်ကြီးမွတ်ဆလင်ကျေးရွာ၌ ဒေသခံ နေအိမ် ၃၀ ခန့်ရှိပြီး မောင်တောမြို့တွင်းမှ စစ်ဘေး ခိုလှုံနေကြသည့် မွတ်ဆလင် ၂၀၀၀ ကျော်နေထိုင်လျှက်ရှိကြောင်း သိရသည်။ ထို့အတူ နေဗီမှ ပစ်ခတ်သည့် လက်ကြီး ၂ လုံးမှာ ‌ခရေမြိုင် ရခိုင်ကျေးရွာ အနီးနှင့် ကင်းချောင်း ကျေးရွာပြင်ပသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသံများကပြောဆိုသည်။

"မနက်အရုဏ်လူတွေ အိပ်ပျော်နေအတဲ့အချိန်ဆိုတော့ ရွာသူရွာသားတွေ ကြောက်လန့် ထွက်ပြေးခဲ့ကြတယ်။ ခရေမြိုင်ရွာ အနီးမှာ ၁ လုံး နဲ့ ကင်းချောင်းရွာပြင်မှာ ၁ လုံးကျရောက် ပေါက်ကွဲပါတယ်။ ထိခိုက်သေဆုံးမူတောမရှိခဲ့ဘူး"ဟု ပြောဆိုသည်။

မောင်တောမြို့နယ် တောင်ပိုင်း ခရေမြိုင်ကျေးရွာ အားလည်း စစ်ကောင်စီမှ ဂျက်တိုက် လေယာဉ်၁ စီးဖြင့် အောက်တိုဘာလ ၇ ရက် ညနေ ၄ နာရီကျော်ခန့်၌ ဗုံး( ၄ ) လုံးကြဲချ ခဲ့ရာ အမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားခဲ့ရသည်။

ထို့အတူ အောက်တိုဘာလ ၁၆ ရက်ကလည်း  စစ်ကောင်စီက အောင်မင်္ဂလာကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၁ ဦးအပါအဝင် စစ်ဘေးရှောင် ၃ ဦးဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်းသိမ်တစ်ဆောင်ပြိုပျက်သွားခဲ့ရသည်။ (ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ