တနင်္လာ၊ ဇွန်လ ၃ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့တွင် ကျည်ဆံထိမှန်သေဆုံးသူအလောင်း ဆေးရုံရင်ခွဲရုံသို့လာပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 9.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၁၁ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံ ရင်ခွဲရုံသို့ ကျည်ဆံထိမှန်ပြီး သေဆုံးသွားသူ တစ်ဦး၏ အလောင်းကို ရဲတပ်ဖွဲ့က ယနေ့ညနေ ၃ နာရီက လာပို့သွားကြောင်း သတင်းရရှိသည်။

၎င်းအလောင်းမှာ ပုဏ္ဏားကျွန်း၊ မြို့သစ်ရပ်ကွက်မှ ဦးညီညီ အသက်(၄၅) နှစ် စိတ်မနှံသူ၏ အလောင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့မှ အမည်မဖော်လိုသော အမျိုးသားတစ်ဦးက “ ဒီနေ့ မနက်က တပ်မတော်သား အရာရှိ တစ်ဦး ဓားထိုးမှု ဖြစ်တယ်။ စစ်သည်တစ်ဦး ခေါ်ဆောင်ခြင်းခံရတယ်။ အဲဒီနောက် တပ်က မြို့ထဲဝင်လာပြီး သေနတ် ပစ်မှုတွေ ပြုလုပ်ခဲ့တယ်။ အဲဒီပစ်ခတ်မှုတွေ အတွင်းမှာ မြို့သစ်ရပ်ကွက်က အရက်သောက်များပြီး စိတ်မနှံ့ဖြစ်နေသူ ဦးညီညီ ကျည်ထိမှန်သွားတယ်လို့ သိရတယ်။ သူအလောင်းကို ညနေ ၃နာရီလောက်မှာ ပုဏ္ဏားကျွန်းဆေးရုံ ရင်ခွဲရုံကို ရဲသားတွေကပို့လာတယ်။  ရဲသားတွေက ရင်ခွဲရုံကို အလောင်းကိုလာပို့လို့ ကျနော်တို့မြင်လိုက်ရတာ” ဟု ပြောသည်။

သို့သော်လည်း အပြင်ကို မထွက်ရဲကြသဖြင့် ဘယ်အချိန်၊ ဘယ်နေရာတွင် အခင်းဖြစ်ပွားသည်ကို တိတိကျကျ မပြောနိုင်ကြောင်း ပြောကြားသည်။  

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမောင်က “ဦးညီညီ သေဆုံးခြင်းမှာ ဟုတ်မှန်ကြောင်း” အတည်ပြုပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ယနေ့ နံနက် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မြို့သစ်စျေးတွင် စျေးဝယ်ရန်လာသော နယ်မြေခံတပ်မှ အရာရှိတစ်ဦး ဓားထိုးခံရပြီး စစ်သည်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု တပ်မတော်က သတင်း ထုတ်ပြန်သည်။ 

ယနေ့ နံနက် ၇ နာရီခွဲခန့်က အမည်အသိသော အမျိုးသား ၈ ဦးက ဓားနှင့်သံတုတ်များဖြင့် ဝိုင်းဝန်ထိုးနှက်ရိုက်ပုတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ 

အဆိုပါဖြစ်စဉ်ကြောင့် အရာရှိတွင် ဓားထိုးခံရခြင်း၊ သံတုတ်များဖြင့် ရိုက်နှက်ခံရခြင်းကြောင့် ဒဏ်ရာရရှိခဲ့ပြီး စစ်သည်အား ၎င်းလူ ၈ ဦးက ဆိုင်ကယ် ၅ စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ယင်း ပြစ်မှု ကျူးလွန်သူများမှာ AA အမာခံများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ဦးညီညီ သေဆုံးခြင်းကိစ္စနှင့်ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်နှင့် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို နိရဥ္စရာသတင်းဌာနအနေဖြင့် ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရရှိခဲ့ပါ။


ဆက်စပ် သတင်းများ