ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဆမီးတွင် ဟင်းရှာသွားသည့် အမျိုးသမီး မိုင်းနင်း၍ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 624

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂/၂၀၂၄

ချင်းပြည်နယ်၊ ဆမီးမြို့တွင် စစ်ကျန်မိုင်းကိုနင်းမိ၍ ဟင်းရှာသွားသည့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့်အမျိုးသမီးမှာ ဆမီးမြို့၊ အမှတ်(၂)ရပ်ကွက်မှ ဒေါ်သိန်းနု(၄၃)နှစ်ဖြစ်သည်ဟု သိရသည်။

ဒေါ်သိန်းနုသည် အဖော်အမျိုးသမီးတစ်ဦးနှင့်အတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်၊ နံနက် ၁၀ နာရီခန့်က ဆမီးမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်က တပ်စခန်းချနေထိုင်ခဲ့သော ဒေသအခေါ် လိပ်ကုန်းတောင် ဗျူဟာကုန်းတွင် ဟင်းရှာသွားစဥ် မြေမြှုပ်မိုင်းနင်းမိခဲ့၍ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်ဟု ဆမီးမြို့ခံတစ်ဦးက ပြောသည်။

"စစ်တပ်က တပ်စွဲနေထိုင်ခဲ့တဲ့တောင်မှာဖြစ်တာပါ။ ပွဲချင်းပြီးသေသွားတယ်။ အဖော်အမျိုးသမီးကတော့ ဘာမှမထိခိုက်ခဲ့ပါဘူး။ ယာစိုက်ခင်းကနေ လိပ်ကုန်းတောင်မှာ ဟင်းရှာသွားတာကနေ မိုင်းနင်းမိတာပါ" ဟု ပြောသည်။

မိုင်းနင်းမိ၍ သေဆုံးသွားသည့် ဒေါ်သိန်းနုတွင် သားသမီး ၅ ဦး ကျန်ရစ်ခဲ့သည်ဟုလည်း သိရသည်။

ချင်းပြည်နယ်ရှိ ဒေသခံအများစုမှာ တောတောင်ကို မှီခိုကာ တောင်ယာစိုက်ခင်းလုပ်ငန်းကို အဓိကလုပ်ကိုင်စားသောက်ကြရသည်ဟု သိရသည်။

 

သို့သော် လက်ရှိတွင် အသက်အန္တရာယ်ထိခိုက်စေသော စစ်ကျန်မိုင်းလက်နက်များကြောင့် တောင်ယာစိုက်ခင်းများသို့သွားရောက်လုပ်ကိုင်ရန် စိုးရိမ်စိတ်ပူမှုများရှိနေကြသည်ဟုလည်း ဆမီးဒေသခံများက ပြောသည်။

 

 

ဆက်စပ် သတင်းများ