စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

NUG အစိုးရဖွဲ့စည်းမှုအပေါ် တစ်စုံတရာပြောဆိုစရာမရှိဟု ရခိုင့်အင်အားကြီးပါတီ ANP ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဧပြီ ၂ဝ / ၂ဝ၂၁
များမကြာမီ ရက်ပိုင်းက ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ဝေဖန်သုံးသပ်ပြောဆိုစရာ မရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။
ဧပြီ ၁၆ ရက်နေ့က ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး သဘောထားကို သိလိုသဖြင့် ANP ဥက္ကဋ္ဌ ဦးသာထွန်းလှကို နိရဉ္စရာသတင်းဌာနမှ ယနေ့ ဆက်သွယ်မေးမြန်းစဉ် ထိုသို့ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ကိုတော့အဲလို CRPH က ကမ်းလှမ်းခဲ့တာတော့မရှိဘူး။ ဆွေးနွေးမှုလည်း ကျနော်တို့ ပါတီနဲ့တော့ မရှိခဲ့ဘူး။ CRPH ကလည်း သူတို့မှာလုပ်လို့ရတဲ့အခင်းအကျင်းအပေါ်မှာ လုပ်တယ်လို့ပဲ ပြောချင်တယ်။ သိပ် ထွေထွေထူးထူးတော့ ဝေဖန်သုံးသပ်ပြောဆိုစရာ အကြောင်းမရှိပါဘူး။”
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ National Unity Government of Myanmar (NUG)ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဧပြီလ ၁၆ ရက်နေ့တွင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
၎င်းအဖွဲ့အစည်းတွင် ရခိုင်နိုင်ငံရေးလောကမှ ခေါင်းဆောင် တစ်ဦးတစ်ယောက်မှ ပါဝင်ခြင်းမရှိခဲ့ချေ။
သို့သော်လည်း ရက္ခိုင့်တပ်တော် (AA) အား ဂရုတစိုက်ခေါ်ခဲ့ကြောင်း တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့၏ တွစ်တာတွင် ရခိုင်ဘာသာ စကားဖြင့် ရေးသားဖော်ပြခဲ့သည်။
“ ငါရို့ကို ဂရုတစိုက်နန့် ခေါ်ခဘာရေ၊ ကိုယ့်ရပ်တည်ချက်နှင့် ကိုယ်မပါ လိုက်စွာရာ။ယင်းသူရို့ကို အပြစ်ပြောစရာမလိုအပ်ပါ။”ဟု ရေးသားထားသည်။
NUGတွင် အဖွဲ့ဝင် (၁၅)ဦး ပါဝင်ပြီး နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်ဒုတိယသမ္မတအဖြစ် ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ဇင်မာအောင်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရည်မွန်၊ ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာလျန်မှုန်းဆာခေါင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်ထွန်းနိုင်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဒေါက်တာဆာဆာ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဒေါက်တာဇော်ဝေစိုး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာတူးခေါင်၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် နော်ဆူဇန်နာလှလှစိုးတို့ ပါဝင်သည်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)ကို ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကို ကျင့်သုံးလျက် ဖွဲ့စည်း တာဝန်ပေးအပ်လိုက်ခြင်း ဖြစ်ပြီး NUG အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ် (Federal Democracy Charter)ပါ နိုင်ငံရေးလမ်းပြမြေပုံကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဟု CRPH က ဧပြီလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က NUG အား ဦးဆောင်ဖွဲ့စည်းသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်း အဖွဲ့အစည်းဖြစ် ကြေညာထားသည်။

ဆက်စပ် သတင်းများ