တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မာန်အောင်တွင် AA နှင့်ပတ်သက်သည်ဟုဆိုကာ ဒေသခံ ၁ ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 876

ပိုးဝါ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၇/၂၀၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်သည်ဟုဆိုကာ ဒေသခံ ၁ ဦးသည် ယမန်နေ့ညက ဖမ်းဆီးခံရသည်ဟု သိရသည်။
ဖမ်းဆီးခံရသူမှာ အသက် ၄၂ နှစ်အရွယ် ဦးဦးသိန်းထွန်းဖြစ်ပြီး မာန်အောင်မြို့နယ် ချောင်းဝကျေးရွာသားဖြစ်ကာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။
သူသည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် ည ၁၀ နာရီခန့်တွင် နေအိမ်အတွင်းသို့ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ဇနီးဖြစ်သူ ဒေါ်အိပ်စံမက"စစ်ဆေးပြီး ပြန်လွှတ်ပေးမယ်လို့တော့ ပြောပါတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးရင်တော့ ကောင်းတာပေါ့"ဟု ပြောသည်။
သူ့ကိုလာရောက်ဖမ်းဆီးစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၃ဝ ခန့် ပါဝင်ခဲ့သည်ဟုလည်း သိရသည်။
ဖမ်းဆီးခံရသူကို လက်ရှိတွင် မာန်အောင်မြို့မရဲစခန်း၌ ထိန်းသိမ်းထားသည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မာန်အောင်မြို့မရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ဖမ်းဆီးခံရသူတွင် ကိုယ်ဝန်သည်ဇနီးနှင့်အတူ သားသမီးနှစ်ဦးရှိသည်ဟုလည်း သိရသည်။
လက်ရှိတွင် နစကကောင်စီက ရက္ခိုင့်တပ်တော် (AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်လိုက်ပြီဖြစ်သလို AA နှင့်ပတ်သက်သည်ဟုသံသယဖြင့်ဖမ်းဆီးတရားစွဲခံထားရသူများကိုလည်း ပြန်လွှတ်ပေးမှုများရှိနေချိန် မာန်အောင်မှ ဦးဦးသိန်းထွန်းသည် ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
လက်ရှိ ရခိုင်တွင် AA နှင့်ပတ်သက်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၆ဝ ထက်မနည်းရှိနေသေးသည်ဟု စာရင်းပြုစုနေသူများက ပြောသည်။

ဆက်စပ် သတင်းများ