တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပါတီအရေးပေါ်ညီလာခံ ခေါ်/မခေါ် မတ်လ ၆ ရက်နေ့တွင် ANP ဆုံးဖြတ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k


ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၈/ ၂ဝ၂၂
ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ပါတီမှ ကင်းကွာနေသူများအရေးကိစ္စအပါအဝင် ပါတီဖွဲ့စည်းပုံ လိုအပ်ချက်များကိုဆွေးနွေးရန် အရေးပေါ်ညီလာခံခေါ်ယူမည်/ မခေါ်ယူမည်ကို နောက်လာမည့်အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ၊ ဗဟိုကော်မတီများ ၂ နာရီကြာ အွန်လိုင်းမှ အစည်အဝေးပြုလုပ်ခဲ့ကြပြီး ညီလာခံခေါ်ယူရေးကိစ္စကို လာမည့် မတ်လ ၆ ရက်နေ့ နောက်ထပ် ပြုလုပ်မည့်အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ANP ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က နိရဥ္စရာသတင်းဌာနကို ပြောဆိုသည်။
“ပါတီတစ်ခုမှာ စည်းကမ်းနဲ့ ငြိလာရင်တော့ အနားပေးတာတို့ ၊ ရပ်ဆိုင်းတာတို့၊ ဒီထက်ပြင်းထန်ရင် ပါတီကနေ အဆင့်ချတာတို့၊ နောက်တစ်ခုက ပါတီက အရမ်းကြီးစည်းကမ်းကို ဖောက်ဖျက်မှု ကြီးလေးတယ် ဆိုလို့ရှိရင် ပါတီကထုတ်ပယ်တဲ့အဆင့်တွေ၊ အဲဒီလိုပါတီဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတာတွေရှိတယ်။ အဲဒါကြောင့် ဆရာဦးလှစောလို့ မဟုတ်ပါဘူး။ ပါတီမှာ အဲဒီလိုကိစ္စတွေ ရှိနေတာတွေ အများကြီးရှိတယ်။ အဲဒါကြောင့် ဝိုင်းဝန်းဆွေးနွေးပြီးတော့ ပါတီဝင်ထု တစ်ရပ်လုံး ပါဝင်တဲ့ အရေးပေါ်ညီလာခံခေါ်သင့်မခေါ်သင့် မနေ့ကအစည်းဝေးမှာ ဆွေးနွေးကြတာရှိပါတယ်ခင်ဗျ” ဟု ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်သည့် အစည်းအဝေးနှင့်ပတ်သက်ပြီး ၎င်းက ပြောသည်။
ယင်းနောက် လာမည့် မတ်လ ၆ ရက်နေ့တွင် နောက်ထပ်အစည်းအဝေးတစ်ကြိမ်ထပ်မံခေါ်ယူပြီး ညီလာခံ ခေါ်သင့်/မခေါ်သင့်ကို ဆက်လက်ဆွေးနွေးကြမည်ဟု ဦးထွန်းအောင်ကျော်က ဆက်လက် ပြောသည်။
ANP ပါတီတွင် ပါတီဗဟိုကော်မတီဝင် ၈ဝ ကျော်အနက် ပါတီနှင့်ကင်းကွာနေသူများ၊ သေဆုံး သွားသူများနှင့် အခြားပါတီသို့ ပြောင်းသွားသူ စုစုပေါင်း ၂ဝ ခန့်ရှိကြောင်း သိရသည်။
ရခိုင်တွင် နိုင်ငံရေးပါတီများဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD သုံးပါတီအနက် ANP ပါတီသည် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ်၌ လွှတ်တော်ကိုယ်စားလှယ် အများဆုံး အနိုင်ရသည့်ပါတီဖြစ်သည်။
သို့ရာတွင် လက်ရှိ ANP ပါတီမှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် နစကကောင်စီဝင် ဖြစ်လာခဲ့သည့်ကိစ္စ၊ လွန်ခဲ့သည့် ဖေဖော်ဝါရီ (၁၂) ရက်နေ့က ပြည်ထောင်စုနေ့အခမ်းအနားသို့ ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဦးလှစောက ULA/AA ကိုယ်စားပြုပြီး တက်ရောက်ခဲ့သည့် ကိစ္စများသည် ရခိုင်အမျိုးသားပါတီ(ANP)အတွက် လက်ငင်းဖြေရှင်းရန်လိုအပ်နေသော ကိစ္စရပ်များဖြစ်နေပြီး လူထုအား ရှင်းရှင်းလင်းလင်း အသိပေးရန် လိုအပ်လျက်ရှိနေသည်ဟု ရခိုင်နိုင်ငံရေး သုံးသပ်ဝေဖန်သူများက ပြောသည်။

ဆက်စပ် သတင်းများ