တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

လူငယ်စာရေးဆရာ ကိုမင်းဒီပါကို PDF သံသယဖြင့် အလုပ်နှင့် ထောင် ၁၀ နှစ်ချမှတ်လိုက်မှုအပေါ်မကျေနပ်၍ ပြည်နယ်တရားလွှတ်တော်သို့ အယူခံတက်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k


မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၈/၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ ကိုမင်းဒီပါအမှုကို PDF အားငွေထောက်ပံ့သည်ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်သည့်အပေါ်မကျေနပ်၍ ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် အယူခံတက်သွားမည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်စိုးလင်းက နိရဥ္စရာသို့ပြောသည်။
“ဆက်ပြီးတော့ အယူခံတက်သွားဖို့ရှိပါတယ်။ စစ်တွေက တရားလွှတ်တော်မှာတက်သွားဖို့ရှိတယ်။ ဘယ်နေ့ဆိုတာလဲတော့ မသိသေးဘူး”ဟုပြောသည်။
ကိုမင်းဒီပါသည် PDF အားငွေထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်ရုုံးချိန်းတွင် မြောက်ဦးခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် လူငယ်စာရေးဆရာ ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်ကို PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် အောက်တိုဘာလ ၁၅ ရက်တွင် ၎င်း၏နေအိမ်မှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် သူ့ကို မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူးစောတင်က တရားလိုလုပ်ကာ နိုဝင်ဘာလ ၁၂ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့်စတင်တရားစွဲဆိုခဲ့သည်။
ကိုမင်းဒီပါကို ရေးသားထုတ်ဝေထားသော မာယာကင်းမဲ့ဇုန်အမည်ရှိ ဝတ္ထုစာအုပ်၏ စာမူခအဖြစ်ရရှိသည့်ငွေများကို ဘဏ်မှထုတ်ယူခဲ့မှုသည် PDF အား ငွေထောက်ပံ့သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သူ၏အစ်ကိုဖြစ်သူ ကိုအောင်မြင့်က ပြောသည်။
“သူရဲ့ထွက်ဆိုချက်တွေအားလုံးကလည်း ကောင်းတယ်၊ တစ်ခုမှပြဿနာမရှိဘူး။ သူရလာတဲ့ငွေတွေကလည်း စာအုပ်ခရတာကိုလည်း ပြောထားတယ်။ စာပုံနှိပ်တိုက်နဲ့လည်း အဓိကသတင်းရင်းမြစ်အဖြစ် သူအစိုးရကို သက်သေအဖြစ်ချပြထားတာလည်း ရှိတယ်။ အဲဒါကိုမှ ဒီရလာတဲ့ငွေတွေဟာ မတရားသဘောနဲ့ရတယ်ဆိုပြီး စွဲချက်တင်လို့ထောင်ချတာဖြစ်တဲ့အတွက် ကျနော်ကတော့ ဒီလိုပဲသုံးသပ်တယ်”ဟုပြောသည်။
လက်ရှိတွင် စာရေးဆရာမင်းဒီပါအား လက်ရှိတွင် မြောက်ဦးအချုပ်၌ ဆက်လက်ထိန်းသိမ်းထားပြီး မည်သည့်နေ့တွင် စစ်တွေအကျဉ်းထောင်သို့ပြောင်းရွှေ့မည်ကို မသိရသေးကြောင်း ရှေ့နေက ဆက်ပြောသည်။
လက်ရှိတွင် ကိုမင်းဒီပါနှင့်အတူ ရခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၉ ဦးအထိရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ