တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့်အမှုဖွင့်ခံရပြီး ၁ နှစ်အကြာ ဖမ်းဆီးခံလိုက်ရသည့် ငပလီမှလူငယ်အမှု မတ် ၇ ရက်တွင် ရုံးတင်စစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.8k


မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၁/၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅ဝ၅ (ခ)ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် လူငယ် ကိုဟန်မျိုးသူရိန်၏အမှုကို လာမည့် မတ်လ ၇ ရက်တွင် ရုံးတင်စစ်ဆေးတော့မည်ဟု သိရသည်။
ယင်းနေ့တွင် ကိုဟန်မျိုးသူရိန်၏တရားလိုဖြစ်သည့် သံတွဲမြို့နယ် ဒုအုပ်ချုပ်ရေးမှူးဦးချမ်းမင်းကို စတင်စစ်ဆေးသွားမည်ဟု သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကိုဟန်မျိုးသူရိန်အား ယူထားသည့်ချုပ်ရမန်ပြည့်ပြီးနောက် သံတွဲမြို့နယ်တရားရုံး၌ သူ၏ ရှေ့နေက အာမခံလျှောက်လဲချက်ကြားနာခဲ့ရာ တရားရုံးဘက်က အာမခံချက်မပေးနိုင်ကြောင်း အမိန့်ချခဲ့သည်ဟု အစ်မဖြစ်သူ မမျိုးတင်ဇာထွန်းက နိရဥ္စရာသို့ပြောသည်။
“ပုဒ်မကလည်း အာမခံချက်မပေးနိုင်တဲ့အမှုဖြစ်နေတယ်တဲ့။ ဒါကတော့ သူတို့ဘက်ကစွဲထားတာတော့ သူတို့အစွဲပေါ့နော်။ ဒီဘက်က မလုပ်တာတော့ သေချာတယ်။ ကိုယ်တို့ဘက်က လိုက်ပြီးကူညီပေး၊ ညှိနှိုင်းဖြေရှင်းပေးတာလေ။ အဲဒါကိုလည်း အကုန်လူတွေသိနေတာပါပဲ။ အမှန်တရားပေါ်ပေါက်ဖို့အတွက်တော့ ကြိုးစားရမှာပဲပေါ့ရှင်။ အခုကတော့ ဘာမှလည်းမဆိုင်ဘဲ ဒီအတိုင်းထိန်းသိမ်းခံထားရတာပေါ့ရှင်” ဟုပြောသည်။
လက်ရှိတွင် ကိုဟန်မျိုးသူရိန်အား သံတွဲမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နေ ကိုဟန်မျိုးသူရိန် (၂၆ နှစ်)သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က ဂျိတ္တောရဲစခန်း၌ အမှုတစ်ခုအားကူညီပေးရာမှ ရဲတပ်ဖွဲ့ဝင်အချို့နှင့် စကားများခဲ့သည်ဟု သိရသည်။
ယင်းသို့စကားများကြစဉ် ကိုဟန်မျိုးသူရိန်ကို ရဲတပ်သား ၁ ဦးက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဂျိတ္တောရဲစခန်း၌ ၎င်းရဲတပ်ဖွဲ့ဝင်အား အမှုဖွင့်နေစဉ် သံတွဲမြို့မရဲစခန်းမှ ရဲတပ်ဖွင့်ဝင်များက ကိုဟန်မျိုးသူရိန်ကို လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ကိုဟန်မျိုးသူရိန်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သံတွဲမြို့၌ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအတွင်း ဖမ်းဆီးခံရသူတစ်ဦးအား လွတ်မြောက်ရန် ကူညီပေးခဲ့ရာ လူစုလူဝေးဖြစ်ပေါ်စေရန် ဦးဆောင်သည်ဟုဆိုကာ နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့်ယင်းအချိန်ကပင် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ