တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

PDF သံသယဖြင့်တရားစွဲခံထားရသည့် ကိုစိန်ချစ်တို့ကို လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k


မြထွီးသျှင်
နိရ ဉ္စရာ၊ မတ် ၃ /၂၀၂၂
PDF သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ငပလီမြို့မှ ကိုရဲနိုင်ဦးတို့အား လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမည်ဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရ ဉ္စရာသို့ ပြောသည်။
“ဒီနေ့ကကျတော့ ရုံးခေါ်သက်သေအနေနဲ့ သံတွဲမြို့မရဲစခန်းမှူးကိုစစ်တယ်။ နောက်ရုံးချိန်းမှာတော့ စွဲချက်အမိန့်ချဖို့ ပြန်ချိန်းလိုက်ပါတယ်” ဟုပြောသည်။
ဦးစိန်ချစ်တို့အမှုကို ယနေ့ မတ်လ ၃ ရက်တွင် သံတွဲမြို့မရဲစခန်း၌ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လာမည့် မတ်လ ၉ ရက်အား ထပ်မံရုံးချိန်းခဲ့ကြောင်း သိရသည်။
PDF နှင့်ဆက်စပ်သည်ဟုဆိုကာ သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို အောက်တိုဘာလ ၉ ရက်၊ ည ၁ဝ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကိုလည်း အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့က လာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။
ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါသည် PDF အား ငွေထောက်ပံ့သည်ဟုဆိုကာ မြောက်ဦးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲ၊ ငပလီ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် ၉ ဦးအထိရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ