တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြ၍ဟုဆိုကာ သံတွဲမှ လူငယ် ၁ ဦး ထောင် ၁ နှစ်ကျော် ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.6k


မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၄/၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ မူဆလင်လူငယ်တစ်ဦးသည် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့်ဟုဆိုကာ ရုံးထုတ်စစ်ဆေးခြင်းမခံခဲ့ရဘဲ ထောင်ဒဏ် ၁ နှစ်နှင့် ၁ လ ချမှတ်ခံလိုက်ရကြောင်း သိရသည်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရသူမှာ သံတွဲမြို့၊ အမှတ် (၁)ရပ်ကွက်နေ အသက် ၃ဝ အရွယ် ကိုဇေယျာထွန်းဖြစ်ပြီး စစ်ဆေးမေးမြန်းစရာရှိ၍ဟုဆိုကာ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်တွင် ၎င်း၏နေအိမ်မှတဆင့် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သူတစ်ဦးက နိရဥ္စရာသို့ပြောသည်။
"သူကအိမ်မှာ သိပ်မနေဘူး။ မိန်းမရပြီးတော့ တခေါက်ပြန်လာတာတွေ့တယ်။ သွားလိုက်လာလိုက်နဲ့ပေါ့။ အရင်နှစ်ကဆန္ဒပြတုန်းကလည်း သူ့အိမ်ကို စစ်ဆေးမေးမြန်းဖို့လာခဲ့ကြတာတွေရှိတယ်။ အခုလည်း မေးစရာရှိတယ်ဆိုပြီးခေါ်သွားတာ" ဟု ဆိုသည်။
ကိုဇေယျာထွန်းသည် သံတွဲမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ရှေ့နေလည်း ငှားခွင့်မရခဲ့ဘဲ ယမန်နေ့ မတ်လ ၃ ရက်တွင် သံတွဲမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ရာ တရားလိုနှစ်ဦးနှင့် သူ့ကို စစ်ဆေးခဲ့သည်ဟု သိရသည်။
ယင်းသို့စစ်ဆေးပြီးသည်နှင့် ဘေးစီမံပုဒ်မအတွက် ထောင်ဒဏ် ၁ နှစ်နှင့် ငြိမ်းစုစီပုဒ်မအတွက် ၁ လ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ၄င်းနှင့်နီးစပ်သူက ပြောသည်။
ကိုဇေယျာထွန်းအား ငြိမ်းစုစီပုဒ်မဖြင့် သံတွဲမြို့မှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းလွင်နှင့် ဘေးစီမံပုဒ်မဖြင့် သံတွဲဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ်တို့က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
ကိုဇေယျာထွန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း သံတွဲမြို့၌ပြုလုပ်သော စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံထားရမှုကြောင့် တိမ်းရှောင်နေရာမှ နေအိမ်သို့ပြန်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ငပလီမြို့မှ ကိုဟန်မျိုးသူရိန် (၂၆ နှစ်)သည်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သံတွဲမြို့၌ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအတွင်း ဖမ်းဆီးခံရသူတစ်ဦးအား လွတ်မြောက်ရန် ကူညီပေးခဲ့ရာ လူစုလူဝေးဖြစ်ပေါ်စေရန် ဦးဆောင်သည်ဟုဆိုကာ နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့်အမှုဖွင့်ခံခဲ့ရပြီးနောက်တစ်နှစ်အကြာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် သံတွဲရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံထားရသည်။
သူ့ကို လာမည့် မတ်လ ၇ ရက်တွင် သံတွဲမြို့နယ်တရားရုံး၌ ရုံးတင်စစ်ဆေးတော့မည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ