တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

၅ဝ၅ (ခ)ဖြင့်ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ငပလီမှ လူငယ်၏ရုံးချိန်းအား လူကြီးခရီးစဉ်ရှိသည်ဟုဆိုကာ မတ် ၁၀ ရက်သို့ ရွှေ့ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.9k

မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၇/၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅ဝ၅ (ခ)ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် လူငယ် ကိုဟန်မျိုးသူရိန်ကို ယနေ့တွင် ရုံးထုတ်စစ်ဆေးရမည်ဖြစ်သော်လည်း လူကြီးခရီးစဉ်ရှိသည်ဟုဆိုကာ လာမည့် မတ်လ ၁၀ ရက်သို့ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
ယနေ့ မတ်လ ၇ ရက်တွင် ကိုဟန်မျိုးသူရိန်အား သံတွဲမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးရမည်ဖြစ်သော်လည်း လူကြီးခရီးစဉ်ရှိသည်ဟုဆိုကာ ရုံးချိန်းပြောင်းရွေ့လိုက်ကြောင်း သံတွဲမြို့မရဲစခန်းမှ ဖုန်းဆက်အကြောင်းကြားလာသည်ဟု ဟိုဟန်မျိုးသူရိန်၏အစ်မ မမျိုးတင်ဇာထွန်းက နိရဥ္စရာသို့ပြောသည်။
“ဒီနေ့ရုံးမထုတ်လိုက်ပါဘူး။ မနေ့ကတော့ သံတွဲရဲစခန်းကပဲ ဖုန်းလှမ်းဆက်လာတယ်။ ၁၀ ရက်နေ့ရုံးချိန်းချိန်းလိုက်တာကို။ လူကြီးခရီးစဉ်ရှိတဲ့အတွက်ကြောင့်ပါတဲ့။ ဘယ်သူရောက်တယ်ဆိုတာကတော့ ကျမတို့လည်း အတိအကျမသိဘူးရှင့်။ ဒီနေ့မနက်ကတော့ သူနဲ့တွေ့ခွင့်မရခဲ့ဘူး။ လူကြီးတွေရောက်နေလို့တဲ့။ မနက်ဖြန်တော့ တွေ့ခွင့်ရမယ်ထင်တယ်” ဟုပြောသည်။
မတ်လ ၁ဝ ရက်ရုံးချိန်းတွင် ကိုဟန်မျိုးသူရိန်၏တရားလိုဖြစ်သည့် သံတွဲမြို့နယ် ဒုအုပ်ချုပ်ရေးမှူးဦးချမ်းမင်းလတ်ကို စတင်စစ်ဆေးသွားမည်ဟု သိရသည်။
လက်ရှိတွင် ကိုဟန်မျိုးသူရိန်အား သံတွဲမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နေ ကိုဟန်မျိုးသူရိန် (၂၆ နှစ်)သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က ဂျိတ္တောရဲစခန်း၌ အမှုတစ်ခုအားကူညီပေးရာမှ ရဲတပ်ဖွဲ့ဝင်အချို့နှင့် စကားများခဲ့သည်ဟု သိရသည်။
ယင်းသို့စကားများကြစဉ် ကိုဟန်မျိုးသူရိန်ကို ရဲတပ်သား ၁ ဦးက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဂျိတ္တောရဲစခန်း၌ ၎င်းရဲတပ်ဖွဲ့ဝင်အား အမှုဖွင့်နေစဉ် သံတွဲမြို့မရဲစခန်းမှ ရဲတပ်ဖွင့်ဝင်များက ကိုဟန်မျိုးသူရိန်ကို လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ကိုဟန်မျိုးသူရိန်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သံတွဲမြို့၌ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအတွင်း ဖမ်းဆီးခံရသူတစ်ဦးအား လွတ်မြောက်ရန် ကူညီပေးခဲ့ရာ လူစုလူဝေးဖြစ်ပေါ်စေရန် ဦးဆောင်သည်ဟုဆိုကာ နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့်ယင်းအချိန်ကပင် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ