တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

PDF သံသဖြင့်ဖမ်းဆီးခံထားရသည့် ကိုမင်းကိုဦး အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀ (ည)ဖြင့် စွဲချက်တင်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၁၀ /၂၀၂၂
PDF ကို ငွေထောက်ပံ့သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကိုမင်းကိုဦးသည် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀(ည)ဖြင့် စွဲချက်တင်ခံလိုက်ရကြောင်း သိရသည်။
ကိုမင်းကိုဦးသည် ယနေ့ မတ် ၁၀ ရက်တွင် သံတွဲမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီးနောက် အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)ဖြင့်စွဲချက်တင်ခံလိုက်ရခြင်းဖြစ်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရဥ္စရာကိုပြောသည်။
"ကိုမင်းကိုဦးကို ဒီနေ့မနက်က လျှောက်လဲချက်ပေးဖို့ခေါ်တယ်။ စွဲချက်အမိန့်ချတာက နေ့လယ်ပိုင်းလောက်မှ ချတာ"ဟု ပြောသည်။
တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းထီးလမ်းတွင်နေထိုင်သော ကိုမင်းကိုဦး (၂၅ နှစ်)သည် PDF အား ငွေထောက်ပံ့သည့်သံသယဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။
ယင်းနောက် သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲထားပြီး သူ၏ ကွန်ပျူတာနှင့် ဖုန်းကိုလည်း ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်း မိသားစုဝင်များက ပြောသည်။
လက်ရှိတွင် ကိုမင်းကိုဦးအား သံတွဲထောင်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကိုမင်းကိုဦးအပါအဝင် PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲ၊ ငပလီ၊ မြောက်ဦးနှင့် တောင်ကုတ်တို့တွင် ၉ ဦးအထိရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ