တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

၅ဝ၅ (ခ)ဖြင့်တရားစွဲခံထားရသည့် ငပလီမှ ကိုဟန်မျိုးသူရိန်၏ တရားလိုနှင့်လိုပြသက်သေ ၃ ဦးကို စတင်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.6k

မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၁၀/၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅ဝ၅ (ခ)ဖြင့် တရားစွဲခံထားရသည့် ကိုဟန်မျိုးသူရိန်၏အမှုတွင် တရားလိုနှင့်လိုပြသက်သေ ၃ ဦးအား ယနေ့ရုံးချိန်းတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဟန်မျိုးသူရိန်၏အမှုတွင် တရားလိုနှင့် လိုပြသက်သေ ၄ ဦးပါရှိပြီး လက်ရှိတွင် ၃ ဦးကို ယနေ့ မတ်လ ၁ဝ ရုံးချိန်းတွင် သံတွဲမြို့နယ်တရားရုံး၌စစ်ဆေးပြီးပြီဖြစ်၍ နောက်လာမည့်မတ်လ ၁၄ ရက်ရုံးချိန်းတွင် ကျန်လိုပြသက်သေ ၁ ဦးအားစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအမှုစစ်ဆေးနေရာတွင် တရားလိုပြသက်သေများမှာလည်း ခိုင်လုံမှုမရှိကြောင်းနှင့် အမှန်တရားကိုပေါ်ပေါက်စေချင်ကြောင်း ကိုဟန်မျိုးသူရိန်၏အစ်မ မမျိုးတင်ဇာထွန်းက နိရ ဉ္စရာသို့ပြောသည်။
"တရားလိုပြသက်သေတွေလည်း ခိုင်လုံတယ်လို့မဟုတ်ဘူး။ တကယ်တမ်းတော့ ကျမတို့က ဦးကိုနီဆိုတဲ့သူကိုပဲ ကူညီပြီးတော့ လိုက်ဖြေရှင်းပေးတာပဲရှိတာ။ အဲဒါကို သူတို့ဘက်ကနေပြီးတော့ စွဲစရာလူမရှိလို့ အပြစ်မရှိတဲ့သူတစ်ယောက်ကို စွပ်စွဲထားတာ။ အဲလိုပဲဖြစ်တဲ့အတွက် ကျမတို့ဘက်က အမှန်တရားကိုပေါ်ပေါက်စေချင်တယ်" ဟုပြောသည်။
လက်ရှိတွင် ကိုဟန်မျိုးသူရိန်အား သံတွဲမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နေ ကိုဟန်မျိုးသူရိန် (၂၆ နှစ်)သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က ဂျိတ္တောရဲစခန်း၌ အမှုတစ်ခုအားကူညီပေးရာမှ ရဲတပ်ဖွဲ့ဝင်အချို့နှင့် စကားများခဲ့သည်ဟု သိရသည်။
ယင်းသို့စကားများကြစဉ် ကိုဟန်မျိုးသူရိန်ကို ရဲတပ်သား ၁ ဦးက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဂျိတ္တောရဲစခန်း၌ ၎င်းရဲတပ်ဖွဲ့ဝင်အား အမှုဖွင့်နေစဉ် သံတွဲမြို့မရဲစခန်းမှ ရဲတပ်ဖွင့်ဝင်များက ကိုဟန်မျိုးသူရိန်ကို လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ကိုဟန်မျိုးသူရိန်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သံတွဲမြို့၌ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအတွင်း ဖမ်းဆီးခံရသူတစ်ဦးအား လွတ်မြောက်ရန် ကူညီပေးခဲ့ရာ လူစုလူဝေးဖြစ်ပေါ်စေရန် ဦးဆောင်သည်ဟုဆိုကာ နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့်ယင်းအချိန်ကပင် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ