တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကို PDF အားငွေထောက်ပံ့သည့်သံသယဖြင့် ဧပြီ ၁၈ ရက်တွင် အပြီးသတ်အမိန့်ချမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 10.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၄ /၂၀၂၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကို PDF အားငွေထောက်ပံ့သည့်သံသယဖြင့် လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်ဟု သိရသည်။
ကိုမင်းကိုဦးအမှုကို ယနေ့ ဧပြီ ၄ ရက်ရုံးချိန်းတွင် သံတွဲမြို့နယ်တရားရုံး၌ နှစ်ဘက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ကြားနာခဲ့ပြီးနောက် ဧပြီ ၁၈ ရက်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရဥ္စရာကိုပြောသည်။
"ဒီနေ့မှာ အပြီးသတ်လျှာက်လဲချက်ကြားနာခဲ့တယ်။ လာမယ့် ရုံံးချိန်မှာ အပြီးသတ်အမိန့်ချမယ်"ဟု ပြောသည်။
တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းထီးလမ်းတွင်နေထိုင်သော ကိုမင်းကိုဦး (၂၅ နှစ်)သည် PDF အား ငွေထောက်ပံ့သည့်သံသယဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။
ယင်းနောက် သူသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲခံခဲ့ရကာ မတ်လ ၁၀ ရက်တွင် စွဲချက်တင်ခံလိုက်ရသည်။
လက်ရှိတွင် ကိုမင်းကိုဦးအား သံတွဲထောင်၌ ထိန်းသိမ်းထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကိုမင်းကိုဦးအပါအဝင် PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲ၊ ငပလီ၊ မြောက်ဦးနှင့် တောင်ကုတ်တို့တွင် ၉ ဦးအထိရှိခဲ့သည်ဟု သိရသည်။
ယင်း ၉ ဦးအနက် PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ သံတွဲမြို့မှ အမျိုးသမီး ၃ ဦးနှင့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါတို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် မြို့နယ်တရားရုံးများ၏ ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်ခြင်းကို ခံထားရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ