တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဦးမင်းအောင် မဲမသမာမှုပုဒ်မတို့ဖြင့် ထောင်ဒဏ် ၄ လစီ ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.3k

မြထွီးသျှင်
နိရ ဉ္စရာ၊ ဧပြီ ၆ / ၂၀၂၂
ရွေးကောက်ပွဲနှင့်ဆိုင်သည့်အမှုဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဦးမင်းအောင်တို့သည် မဲမသမာမှုပုဒ်မတို့ဖြင့် ယနေ့ရုံးချိန်းတွင် ထောင်ဒဏ် ၄လစီချမှတ်ခံလိုက်ရကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေဦးကျော်စိုးလင်းက နိရ ဉ္စရာကိုပြောသည်။
"ဒဏ်ငွေ ၅ သောင်းမဆောင်လို့ ၄ လချမှတ်လိုက်ပါတယ်။ ဒဏ်ငွေ ၅ သောင်းဆောင်ရင်တော့ ၄ လမချပါဘူး။ မဆောင်ဖြစ်လို့ ၄ လချမှတ်လိုက်ပါတယ်"ဟု ပြောသည်။
သူတို့နှစ်ဦးအနက် ဦးညီပုသည် မဲမသမာမှုပုဒ်မ ၁၃ဝ (က)ဖြင့်လည်းကောင်း၊ ဦးမင်းအောင်သည် မဲမသမာမှုပုဒ်မ ၁၃ဝ (က)နှင့်အတူ မဲမသမာမှုကိုအားပေးကူညီမှုပုဒ်မ ၁ဝ၉ ဖြင့်လည်းကောင်း ယနေ့ ဧပြီလ ၆ ရက်ရုံးချိန်းတွင် စစ်တွေမြို့နယ်တရားရုံး၏ ထောင်ဒဏ် ၄ လစီအမိန့်ချမှတ်ခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။
ယခုအမိန့်ချမှတ်ခံလိုက်ရမှုနှင့်ပတ်သက်ပြီး တစ်စုံတရာ ရှေ့ဆက်လုပ်ဆောင်သွားရန်မရှိသေးဟု ရှေ့နေက ပြောသည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့သည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုကိစ္စရပ်များကို ပြုလုပ်ခဲ့သည်ဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)ဖြင့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ကာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ယင်းအထဲမှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ဦးညီပု၏ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၁၀၉ ဖြင့်လည်း ထပ်တိုးတရားစွဲဆိုခံခဲ့ရသည်။
သူတို့နှစ်ဦးသည် ယင်းပုဒ်မများဖြင့် စစ်တွေအကျဉ်းထောင်အထူးတရားရုံးတွင် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ရုံးချိန်း၌ စွဲချက်တင်ခံလိုက်ရခြင်းဖြစ်သည်။
သူတို့နှစ်ဦးကို အခြားဝန်ကြီးဟောင်း ၃ ဦးနှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံးက ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ထိုအထဲတွင် ဦးညီပုကို ထောင်ဒဏ် ၉ နှစ်နှင့် ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
ယင်းအပြင် ဦးညီပုတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နှင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသေးသည်။

ဆက်စပ် သတင်းများ